ခြေသလုံးက ပေါင်လောက် ရှိသူ အပါအဝင် သရဲနီကြီး ဗီဒစ် အတွက် အခက်ခဲဆုံး ပြိုင်ဘက် တိုက်စစ်မှုးများ

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူကြီး ဗီဒစ်က သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ ရင်ဆိုင်ရ အခက်ခဲဆုံး တိုက်စစ်သမား ၄ ဦးအကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

“ အခက်ခဲဆုံး ကစားသမားအကြောင်း စဉ်းစားလိုက်ရင် ဆုဖလားတွေအတွက် ကျွန်တော်တို့ စိန်ခေါ်ခဲ့တုန်းက ပြိုင်ဆိုင်ခဲ့ရတဲ့ ချယ်ဆီးကို စဉ်းစားမိတယ်။ ဆိုတော့ ဒီဒီယာ ဒရော့ဘာကလည်း အခက်ခဲဆုံး ပြိုင်ဘက် တစ်ယောက် ဖြစ်ခဲ့တာ သေချာတယ်။ အထူးသဖြင့် စတန်းဖို့ဒ်ဘရစ်ချ်မှာ သူနဲ့ တွေ့ရရင် တော်တော်ခက်တယ်။

ဒရော့ဘာက သိပ်ကို ပါးရည်နပ်ရည်ရှိပြီး သန်မာတာပဲ။ အင်တိုက်အားတိုက် ကစားတယ်။ သူ့ကို ရင်ဆိုင်ရတာ အခက်ခဲဆုံးပဲ။ ယူနိုက်တက်မှာ ကျွန်တော့် ကစားသမားဘဝ အစောပိုင်းကာလတွေအတွင်း သူက အံ့ဩစရာ ကောင်းခဲ့တဲ့သူပါ ” လို့ ဗီဒစ်က ပြောပါတယ်။

ဆားဘီးယားသားဟာ ဒရော့ဘာရဲ့ လွှမ်းမိုးမှုတွေကို ချီးကျူးခဲ့သလို သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝအတွင်း အပြင်းထန်ဆုံး ပြိုင်ဘက်တွေကို ကိုယ်စားပြုကစားခဲ့တဲ့ တခြားသော ဂန္တဝင်များစွာကိုလည်း ချီးမွမ်းခဲ့ပါသေးတယ်။

“ ပြီးတော့ အဂွဲရိုး ရှိသေးတယ်။ မန်စီးတီးမှာ ကစားတုန်းက သူက အံ့ဩဖို့ကောင်းတယ်။ လျင်နေတာပဲ။ သူ့ခြေသလုံးတွေကို မြင်ဖူးလား။ သူ့ခြေသလုံးတွေက ကျွန်တော့် ပေါင်လောက်ရှိတယ်ဗျာ။ မယုံနိုင်ဘူး။ ‘ဒီကောင် ပြေးရောပြေးနိုင်ပါ့မလား’လို့ တွေးမိမယ်။ ဒါပေမယ့် သူက တကယ်မြန်တဲ့ကောင်။

အထူးသဖြင့် ပထမ ၅ကိုက်လောက်မှာပေါ့။ သူ သိပ်ကောင်းခဲ့တာ။ ဆွာရက်ဇ်လည်းရှိတယ်။ တောရက်စ်ကတော့ အမြဲပါနေကျပေါ့။ သူ လီဗာပူးမှ တစ်နှစ်၊ နှစ်နှစ်လောက် ကောင်းကောင်း ကစားခဲ့ရတယ် ထင်တယ် ” လို့ ဗီဒစ်က ထုတ်ပြောခဲ့ပါတယ်။

ဗီဒစ်ဟာ ယူနိုက်တက်မှာ ကစားရင်း ပရီးမီးယားလိဂ် ၅ကြိမ်၊ လိဂ်ဖလား၃ကြိမ်နဲ့ ချန်ပီယံလိဂ်တို့ အောင်မြင်ခဲ့ပါတယ်။ ၂၀၁၄ မှာတော့ ဗဟိုနောက်ခံလူဟောင်းဟာ အင်တာမီလန်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့တာပါ။ အဲ့ဒီ့မှာ တစ်ရာသီသာ ကစားပြီးတော့ အနားယူသွားခဲ့တာပဲ ဖြစ်ပါတယ်။