ဗီလာကို နိုင်တဲ့ ပွဲ အပြီးမှာ နည်းပြ တန်ဟက် ထုတ်ဖော် ချီးကျူးခဲ့ရတဲ့ မန်ယူ အသင်းသား ၂ ဦး
မနေ့ညက အိုးထရက်ဖို့ဒ်မြှ အက်စတွန်ဗီလာကို အနိုင်ယူပြီး အဆင့် ၄ ဝင်ခွင့်ကို ပိုမို ခိုင်မာလာစေခဲ့တဲ့ ပွဲအပြီးမှာ နည်းပြတန်ဟက်က မန်ချက်စတာ ယူနိုက်တက် အသင်းသား ၂ ဦးကို ချီးကျူးခဲ့ပါတယ်။
ဒီပွဲအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဖာနန်ဒက်စ်က သွင်းယူခဲ့တာဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နည်းပြကတော့ အသင်းခေါင်းဆောင် တာဝန်ယူနေတဲ့ ဖာနန်ဒက်စ်ရဲ့ အရေးပါမှုကို ထည့်ပြောခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

တန်ဟက်က ” ကောင်းမွန်တဲ့ ရမှတ်တွေပါပဲ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ပြသတဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာ ကောင်းတယ်လို့ ထင်ပါတယ်။ ကျနော်တို့က ဘောလုံးနဲ့အတူ ကောင်းကောင်း ကစားနိုင်တယ်၊ ပိုင်ဆိုင်မှု ပိုင်းတွေမှာ ကောင်းမွန်ပြီး ဖိအားပေးပုံတွေ ကောင်းခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ၂-၀ ဖြစ်လိုပေမယ့် ကျနော်တို့ မလုပ်နိုင်ခဲ့ဘဲ အဆုံးသတ်တာတွေ ခက်ခဲနေခဲ့တယ်။ လင်ဒီအော့ ကစားတာ သိပ်ကို ထူးချွန်ပါတယ်။ ဝတ်ကင်ကစားတဲ့ အနားတဝိုက်က ဧရိယာတွေကို သူကပဲ အလုံးစုံ စိုးမိုးထားခဲ့ပါတယ်။
ဘရူနို ဖာနန်ဒက်စ်ကလည်း နောက်ထပ် ပွဲကောင်း တစ်ပွဲကို ကစားခဲ့ပါတယ်။ ဆုဖလားတွေကို အောင်မြင်ဖို့ဆိုရင် ကျနော်တို့ ဖာနန်ဒက်စ်လို ကစားသမားမျိုးကို လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ ပလန်က သူ့ကို ညာခြမ်းမှာသုံးပြီး အနောက်ကနေ ပြေးလွှားစေဖို့ပါ အဲ့တာက အလုပ်ဖြစ်ခဲ့ပါတယ် ” လို့ ပြောဆိုသွားခဲ့တယ်။
ရာသီသိမ်းဖို့ ၆ ပွဲလောက်ပဲ လိုတော့ချိန်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ ထိပ်ဆုံး ၄ သင်းနေရာကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားနိုင်ပြီလို့ တန်ဟက်က ယူဆထားပါတယ်။
” ကျနော်တို့ တစ်ပွဲချင်းသွားရမယ်၊ နောက်ပွဲက ဘရိုက်တန်နဲ့ပွဲဖြစ်ပြီး ထပ်ပြီး အားထုတ်ဖို့ လိုပါတယ်။ အမှတ်ပေး ဇယားကို ကြည့်မနေဘဲ ပြင်းပြမှုတွေ ထုတ်ပြရမယ်။ အဆင့် ၄ ဝင်ခွင့်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပါပြီ။ အားလုံးက ကျနော်တို့ လက်ထဲမှာပါ ” လို့ တန်ဟက်က ထုတ်ပြောသွားတာ ဖြစ်ပါတယ်။