ခြေစွမ်းကောင်းပေမယ့် ကွင်းထဲမှာ အိုဗာ လုပ်လွန်းလို့ အသင်းဖော်တွေ ငြိုငြင်တာ ခံလာရတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက်က အက်စတွန်ဗီလာကို ဧည့်ခံကစားပြီး ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ အသင်းခေါင်းဆောင် တာဝန်ယူခဲ့တဲ့ ဖာနန်ဒက်စ်ကို အသင်းဖော် အချို့က စောဒကတက်ကာ တုန့်ပြန်မှုတွေ လုပ်ခဲ့ကြပါတယ်။

မန်ယူ သွင်းဂိုးမရခင် ဘရူနို ဖာနန်ဒက်စ်က အသင်းဖော်တွေရဲ့ ကစားဟန်ကို အားမရတာကြောင့် လိုက်လံ ဖိအားပေး ပြောဆိုနေတာပါ။ ဖာနန်ဒက်စ်ရဲ့ အပြုအမူကို သဘောမကျတဲ့ အသင်းဖော် ဆန်ချိုက ‘ တော်လိုက်တော့.. လိုက် ပွားမနေနဲ့တော့ ‘ လို့ နှုတ်ဖြင့်ကော လက်ဟန်နဲ့ပါ ပြောဆိုခဲ့တာကို မြင်ခဲ့ရပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမယ့် အဲဒီနောက် ပွဲချိန် ၃၉ မိနစ်မှာ ဖာနန်ဒက်စ် ဂိုးသွင်းခဲ့ချိန်မှာတော့ ဆန်ချို လည်း ပါဝင် အောင်ပွဲ ခံခဲ့ပါတယ်။

မန်ယူ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူနေတဲ့ ပေါ်တူဂီသားဟာ အသင်း ရှုံးနေချိန်ဆိုရင် အသင်းဖော်တွေကို မကြာခဏ စိတ်ပျက်ကြောင်း ပြသတဲ့ အပြုအမူတွေကြောင့် သရဲနီဟောင်းကြီးတွေရဲ့ ထုတ်ဖော် ပြစ်တင် ဝေဖန်မှုတွေကိုလည်း ခံယူထားရသူပါ။

ဒါပေမယ့် ၎င်းရဲ့ အပြုအမူကတော့ ပြောင်းလဲ မသွားသေးပါဘူး။ ဖာနန်ဒက်စ်ဟာ ခြေစွမ်း အထူးကောင်းမွန်ပြီး ယူနိုက်တက် အားထားရသူ ဖြစ်ပေမယ့် ဆန်ချိုလို ဖိအားတချို့ ရှိနေတဲ့ အသင်းဖော်တွေကို နားလည်မှုတွေ ပေးဖို့ရာမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။

ပွဲအပြီးမှာတော့ ကွင်းလယ်လူ ကာဆီမီရိုက ဖာနန်ဒက်စ်ရဲ့ အခြားသော ကွင်းတွင်း အပြုအမှုကို သတိပေးမှု လုပ်ခဲ့ပါသေးတယ်။ ဘောလုံးပိုင်ဆိုင်ထားချိန် ဖာနန်ဒက်စ်က ဘောလုံးပေးတာ ဒါမှမဟုတ် ပြေးလွှားတာမျိုး မလုပ်ဘဲ ဗီလာ ကွင်းလယ်လူကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး မအောင်မြင်ဖြစ်ခဲ့တာပါ။

ကာဆီမီရိုက ဂျက်ကော့ ရမ်ဆေး ခြေထောက်ထဲက ဘောလုံးကို ဖြတ်လုဖို့ ကြိုးစားခဲ့ရပြီး အန္တရာယ်ရှိတဲ့ နေရာမှာ တည်ကန်ဘော ခွင့်ပြုခဲ့ရတာပါ။ ဖာနန်ဒက်စ်ရဲ့ ပေါ့ဆမှုကို ကာဆီမီရိုက သတိပေးခဲ့တဲ့ ဗီဒီယိုက လူကြည့်နှုန်း သန်းနဲ့ချီခဲ့ပြီး အဆုံးမှာ သူတို့ နှစ်ဦးဟာ အချင်းချင်း ပွေ့ဖက်ကာ လမ်းခွဲခဲ့ကြပါတယ်။

နည်းပြ တန်ဟက် ကတော့ အသင်းခေါင်းဆောင် တာဝန်ယူနေတဲ့ ဖာနန်ဒက်စ်ရဲ့ သွေးဆူလွယ်မှုကို သဘောကျနေပြီး ပွဲပြီး အင်တာဗျူးမှာဆိုရင် ” ဆုဖလားတွေကို အောင်မြင်ဖို့ဆိုရင် ကျနော်တို့ ဖာနန်ဒက်စ်လို ကစားသမားမျိုးကို လိုအပ်ပါတယ် ” လို့ ထည့်သွင်း ချီးကျူးခဲ့တာ ဖြစ်ပါတယ်။