မန်ယူနဲ့ ပွဲ အနိုင်ကန်ဖို့ လူစာရင်းကို ဘယ်လို ထုတ်ရမလဲ အိပ်မရအောင် စဉ်းစားနေတဲ့ ဒီဇာဘီ

လာမယ့် ကြာသပတေးနေ့မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲအတွက် လူရွေးဖို့ကို ခေါင်းစားနေရပြီး အိပ်လို့တောင် ရမှာ မဟုတ်ကြောင်း ဘရိုက်တန် နည်းပြ ဒီဇာဘီက ပြောဆိုလာပါတယ်။

ဘရိုက်တန် အသင်းဟာ အက်ဖ်အေဖလား ဆီမီး ဖိုင်နယ်က ရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့အတွက် ကြိုးစားနေပြီး ဝုဗ်ကို ဂိုးဒါဇင်ဝက်နဲ့ အနိုင်ရခဲ့တဲ့ ပွဲရဲ့ အရှိန်ကြောင့်လည်း စိတ်ဓာတ် တက်ကြွနေပါတယ်။

ဒါပေမဲ့ အဲဒီပွဲမှာဆိုရင်တော့ ဘရိုက်တန်ရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မက်အလစ်စတာ၊ ကိုင်စီဒိုနဲ့ မီတိုမာတို့ဟာ အရန်ခုံမှာပဲ ရှိခဲ့တာကို တွေ့ရ ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီဇာဘီရဲ့ ဝှက်ဖဲတစ်ခုဖြစ်တဲ့ တိုက်စစ်မှူး ဒင်းနစ်အန်ဒက်ဗ်ဟာ ဝုဗ်နဲ့ ပွဲမှာ ၂ ဂိုး သွင်းနိုင်ခဲ့သလို မန်ယူ တိုက်စစ်မှူးဟောင်း ဝဲလ်ဘက်က လည်း အလားတူပဲ ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဒါကြောင့် တိုက်စစ်ပိုင်းမှာ ရွေး ချယ်စရာတွေ အရမ်းကို များနေတဲ့အတွက် ဒီဇာဘီတစ်ယောက် ခေါင်းစား နေရတာဖြစ်ပါတယ်။

ဒီအတွက် မန်ယူနဲ့ပွဲကို လူရွေးချယ်ဖို့အတွက် စဉ်းစားတဲ့နေရာမှာ အရမ်းကို စဉ်းစားရ ကျပ်နေပြီဖြစ်တဲ့အတွက် အိပ်လို့တောင် မှာမဟုတ်ဘူးလို့ အီတလီသားနည်းပြ က ထုတ်ဖော် ပြောသွားခဲ့တာပါ။

” ရှေ့ဆက်ဖို့အတွက် အင်္ဂါနေ့မှာ အသင်းသားတွေနဲ့အတူ ကျွန်တော် လုပ်စရာရှိတာကို လုပ်မှာဖြစ်ပြီး ပထမဦးစားပေး ၁၁ ယောက်ကို ဆုံးဖြတ်ချက် ချဖို့အတွက် လုပ်မှာပါ။ အဲဒါက ပြဿနာတစ်ခု ဖြစ်လာပါလိမ့်မယ်။

ကျွန်တော် အိပ်လို့တောင် ရမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒါကတော့ ပြဿနာ မဟုတ်ပါဘူး ” လို့ ဒီဇာဘီက ပြောသွားခဲ့တာပါ။

ဘရိုက်တန်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ယူနိုက်တက်ရဲ့နောက် ၁၁ မှတ် ကွာနေတဲ့အသင်းဖြစ်ပြီး တစ်ပွဲလျော့ ကစားထားတဲ့အသင်းဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ရဲ့အသင်းဟာ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် နေရာ ရဖို့အတွက် အသည်းအသန် ကြိုးစားနေချိန်မှာ ဘရိုက်တန်ကလည်း ဥရောပဝင်ခွင့် တစ်နေရာ ရဖို့အတွက် အစွမ်းကုန် ရုန်းနေတဲ့ အသင်းဖြစ်တာကြောင့် လာမယ့် ကြာသပတေးနေ့ ပွဲစဉ်ဟာ အကြိတ်အနယ်ပွဲကြီးပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။