လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ဒီဂီယာနဲ့ မန်ယူ တို့ အနာဂတ် ဘာဖြစ်မလဲ ပီတာ ရှမိုက်ကယ် ပြော

ဂိုးသမား ဒေးဗစ်ဒီဂီယာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ စာချုပ်သစ် သဘောတူညီမှု ရသွားလိမ့်မယ်လို့ ကက်စပါ ရှမိုက်ကယ်က ဆိုပါတယ်။

ယူနိုက်တက်ဟာ သူ့ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ ကို လျှော့ချင်နေတာနဲ့အတူ စပိန်သားရဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေက လိပ်ခဲတည်းလည်း ဖြစ်နေတာပါ။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အခုချိန်မှာ အရင်ကထက်ပိုပြီး သဘောတူညီမှုရဖို့ နီးစပ်လာတယ်လို့ ပြောနေကြပေမယ့် ဒီဂီယာ ဖရီးအေးဂျင့် ဖြစ်လာဖို့ ရက်သတ္တပတ်အနည်းငယ်သာ လိုတော့တာနဲ့အတူ အခြေအနေက မရေမရာ ဖြစ်နေပါသေးတယ်။

ရှမိုက်ကယ်ကတော့ ဒီဂီယာကို ချီးကျူးခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ယူနိုက်တက်နဲ့ စာချုပ်သစ် သဘောတူညီမှု ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“ခင်ဗျားတို့မှာ မယုံနိုင်ရာကောင်းတဲ့ ဂိုးသမားတစ်ယောက်၊ အသင်းသားတစ်ယောက် ရထားတာပါ။ ဘယ်ကလပ်မှာမဆို ၁၁နှစ်၊ ၁၂နှစ်လောက် အကြာကြီးနေဖို့က ခက်ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ နံပါတ်တစ် ဖြစ်ဖို့ဆိုတာ မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုတစ်ခုပါ။

ဒီရာသီမှာ သူက ပုံမှန်ကစားနေကျ ပုံစံနဲ့ လုံးဝကွဲပြားတဲ့နည်းလမ်းနဲ့ ကစားဖို့ တောင်းဆိုခံခဲ့ရတယ်။ မှားယွင်းခဲ့တဲ့ အရာတွေ ရှိသလို အဆင်ပြေသွားတာတွေလဲ ရှိပါတယ်။ ဒီဂီယာက သူ့ခြေထောက်နဲ့ တတ်နိုင်သမျှ ကောင်းကေင်းကစားနေတယ်လို့ ကျွန်တော်ထင်တယ်။

ဂိုးဖမ်းတာကတော့ မေးခွန်းထုတ်စရာကိုမလိုဘူး။ ဘာလို့လဲဆိုတော့ သူ ဘယ်လောက် တော်လဲ ဆိုတာ အားလုံး သိပြီးသားပါ။ သူ့နေရာကို ဂိုးသမားအသစ် အစားထိုးရင် ပေါင်သန်း၆၀နဲ့အထက် ကုန်ကျလိမ့်မယ်။ ခင်ဗျားတို့မှာ ထိပ်တန်းအဆင့် ဂိုးသမားတစ်ယောက် ရှိနေပြီးသားပါ။

သူကလည်း အသင်းမှာ ဆက်နေချင်တယ်ဆိုတော့ သူတို့တွေ စာချုပ်သက်တမ်း တိုးဖြစ်ပါလိမ့်မယ်။ ” လို့ ရှမိုက်ကယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။