ရော်နယ်ဒို မန်ယူက ထွက်တော့ အာဆင်နယ် ပြောင်းဖို့ စိတ်ပါခဲ့ပြီး ဂန်းနားတွေက မခေါ်ခဲ့ကြောင်း ထွက်ပေါ်လာ

မန်ချက်စတာ ယူနိုက်တက် ကနေ စီရော်နယ်ဒို ထွက်ခွာချိန်မှာ သူ့ ကို အာဆင်နယ်ခေါ်ခဲ့သင့်ပြီး အဲဒီလိုသာဆို ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်သွားနိုင်ကြောင်း ဂန်နားအမာခံပရိသတ်ဖြစ်တဲ့ နာမည်ကြီးရုပ်သံတင်ဆက်သူ ပီးယာ့စ်မော်ဂန်က မချိတင်ကဲ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ပီးယာ့စ်မော်ဂန်ဟာ စီရော်နယ်ဒိုနဲ့အထူးခင်မင်ရင်းနှီးသူဖြစ်ပြီး သူနဲ့အင်တာဗျူးကြောင့်ပဲ ပေါ်တူဂီစူပါစတားဟာ မန်ယူက ထွက်ခဲ့ရတာပါ။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဥရောပဘောလုံးမှာ အသင်းရှာမရဖြစ်ခဲ့တဲ့ စီရော်နယ်ဒိုဟာ နောက်ဆုံးမှာ သူ့ကို မက်မောဖွယ် လစာ ကမ်းလှမ်းလာတဲ့ ဆော်ဒီကလပ်အယ်နာဆာကို ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

တန်ဟက်လက်ထက် မန်ယူမှာ ချောင်ထိုးခံခဲ့ရတဲ့ စီရော်နယ်ဒိုဟာ ဆော်ဒီမှာတော့ ၁၃ ပွဲမှာ ၁၂ ဂိုးသွင်းထားတာပါ။

အသက် ၃၈ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ မန်ယူမှာ ၃ ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် ဂိုးရှေ့မှာ အဆုံးသတ်ကောင်းနေဆဲဖြစ်ကြောင်း မော်ဂန်က အခိုင်အမာပြောခဲ့ပါတယ်။

အဲဒီတုန်းက အာဆင်နယ်အနေနဲ့ စီရော်နယ်ဒိုကိုခေါ်ဖို့ ကြိုးပမ်းခဲ့သင့်ပြီး တကယ်အရေးကြီးနေချိန်မှာ ဂိုးတွေ ဘယ်လိုသွင်းရမလဲဆိုတာ သူသိတယ် လို့ မော်ဂန်က ဆိုခဲ့တာပါ။

စီရော်နယ်ဒိုကိုယ်တိုင်ကလည်း အာဆင်နယ်အပြောင်းအရွှေ့ကို စိတ်အားထက်သန်ခဲ့ကြောင်း ပီယာ့စ်မော်ဂန်က ဖွင့်ပြောခဲ့ပါတယ်။

”မင်းတို့ အားလုံး လှောင်ချင်လည်း လှောင်ပေါ့။ ဒါပေမဲ့ ငါတို့သာ သူ မန်ယူက ထွက်ချိန်မှာ စီရော်နယ်ဒိုကို ရာသီကုန်အထိ ခေါ်လိုက်မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲသွားနိုင်ပါတယ်။

စကားမစပ် သူကိုယ်တိုင်ကလည်း အာဆင်နယ်အပြောင်းအရွှေ့ကို စိတ်အားထက်သန်ခဲ့တာပါ။ အဓိကဆုဖလားတွေ ဘယ်လိုယူရမယ်၊ အရေးကြီးလာပြီဆို ဂိုးတွေဘယ်လိုသွင်းရမယ်ဆိုတာကို သူသိပါတယ်”လို့ ပီးယာ့စ်မော်ဂန်က Twitter မှာ ရေးတင်ခဲ့တာပါ။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ ဦးစားပေး ပစ်မှတ်တွေ အများအပြားရှိခဲ့ပေမယ့် ချဲလ်ဆီးက ဂျော်ဂျင်ဟိုနဲ့ ဘရိုက်တန်က ထရော့ဆတ်တို့ကိုသာ ခေါ်ယူဖြစ်ခဲ့ပါတယ်။