မန်ယူက လီဗာပူးအသင်း ဘယ်လိုလဲ စိတ်ကိုမဝင်စားဘူး လို့ တည့်ပဲ ပြောလာတဲ့ တန်ဟက်
မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ လီဗာပူးရဲ့ အခြေအနေကို စိတ်မဝင်စားဘဲ ကိုယ့်အလုပ်ကိုယ် လုပ်သွားဖို့ကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။
မန်ယူနိုက်တက်ဟာ မနေ့ညက ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ ဘုန်းမောက်ကို ကက်စ်မဲရိုးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူနိုက်တက်အသင်းက ဒီပွဲမှာ အနိုင် ၃မှတ်ရခဲ့တဲ့ အပြင် အခြားတစ်ဖက်မှာ အဆင့် ၅နေရာမှ လီဗာပူအသင်းက အက်စ်တွန် ဗီလာအသင်းနဲ့ ကစားခဲ့ရာ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အတော်လေး နီးစပ်တဲ့ အနေအထားအထိ ခြေတစ်လှမ်းတိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ရလဒ်အပေါ် စိတ်ဝင်စားမှု မရှိကြောင်းနဲ့ ပက်သက်လို့ နည်းပြ တန်ဟတ် က ခုလို တုန့်ပြန်ခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ လီဗာပူးမြို့မှာ ကစားတဲ့ပွဲစဉ်အပေါ်မှာ အာရုံစိုက်နေတာမျိုး မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဆင့် ၄အတွင်းဝင်ရေးက အာမခံချက် မရှိချိန်ဖြစ်ပေမဲ့ ကိုယ့်အသင်းအနိုင်ရရေးကသာ အဓိကဖြစ်တာကြောင့် နိုင်ပွဲအတွက်သာ အားစိုက်ခဲ့တာပါ”
“ပွဲကစားချိန်အတွင်း ၁ဂိုး အသာနဲ့သာ ဦးဆောင်နေရတာကြောင့် စိတ်ရှုပ်ထွေးနေခဲ့ရပေမဲ့ ပွဲအပြီးမှာ လိုအပ်နေတဲ့ အနိုင်ရလဒ်ယူနိုင်ခဲ့ကြပါတယ်” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက ပွဲကစားချိန်အစောပိုင်းမှာ ကက်စ်မဲရိုးရဲ့ လှပတဲ့ နောက်ပြန်ကန်ချက်နဲ့အတူ သွင်းဂိုးရခဲ့ပြီး ဦးဆောင်ခွင့်ရထားခဲ့ပေမဲ့ ဘုန်းမောက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကိုလည်း သတိကြီကြီးထားကာ ထိန်းကစားနေခဲ့ရတာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာလည်း ယူနိုက်တက်အသင်း အနိုင်ရလဒ်ကို ဆက်ထိန်းထားနိုင်ရေးသာ အဓိကအာရုံစိုက်နေခဲ့ပြီး နှစ်သင်းစလုံးက အခွင့်အရေးတွေရခဲ့ကြပေမဲ့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဘုန်းမောက်အသင်းရဲ့ တိုက်စစ်မှာပွဲထွက်လာတဲ့ ဆိုလန်ကီ၊ ဒေးဗစ်ဘရွတ်ခ်တို့ရဲ့ စွမ်းဆောင်ရည်က အတော်လေး ကောင်းနေခဲ့ပြီး ယူနိုက်တက်နောက်တန်းတွေကို အတော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။