လူစားလဲလို့ ဝုန်းဒိုင်းကြဲ ဥမင်ထဲ ဝင်သွားတဲ့ မာရှယ်နဲ့ ပတ်သတ်ပြီး နည်းပြ တန်ဟက် ဘာပြောသလဲ

မနေ့ညက ဘုန်းမောက်နဲ့ပွဲမှာ လူစားလဲခံရချိန် မကျေမနပ်နဲ့ ဥမင်ထဲတန်းဝင်ခဲ့တဲ့ တိုက်စစ်မှုး မာရှယ်ကို မန်ယူပရိသတ်တွေက ဒေါသထွက်နေကြပါတယ်။

ဒါပေမဲ့ ပွဲအပြီးမှာ နည်းပြတန်ဟက်ကတော့ မာရှယ်ရဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြမှုလုပ်ခဲ့တာပါ။ ပြင်သစ်သားဟာ အဲဒီပွဲမှာ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပေမယ့် ခြေစွမ်းပြကစားနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒုတိယပိုင်း ၅၇ မိနစ်မှာတော့ တန်ဟက်က မာရှယ်ကို အငှား တိုက်စစ်မှုး ဝက်ဟော့နဲ့လူစားထိုးခဲ့ပါတယ်။ တန်ဟက်ရဲ့အဲဒီလူစားလဲမှုနဲ့ ပတ်သက်လို့ ကျေနပ်ပုံမရတဲ့ မာရှယ်ဟာ လူစားလဲခံရပြီးချိန် ဥမင်ထဲကို ဝုန်းဒိုင်းကြဲပြီး တန်းဝင်သွားခဲ့တာပါ။

မာရှယ်ရဲ့အဲဒီအပြုအမူကို မန်ယူ အသင်းပရိသတ်တွေက စိတ်ပျက်သွားကြပြီး ရောင်းထုတ်ပစ်ဖို့ ဆိုရှယ်မီဒီယာ ထက်မှာ ရေးခဲ့ကြပါတယ်။ နည်းပြတန်ဟက်ကတော့ မာရှယ်ဟာ အဝတ်အစားလဲခန်းထဲ တန်းဝင်သွားပေမယ့် နောက်ပိုင်းမှာ အရန်ခုံက အသင်းဖော်တွေနဲ့လာပူးပေါင်းခဲ့ကြောင်း ပြောဆိုရှင်းပြ အတည်ပြုခဲ့တာပါ။

”သူ ကောင်းကောင်းကစားခဲ့တယ်လို့ ထင်ပါတယ်။ အဝတ်အစားလဲခန်းထဲ တန်းဝင်ခဲ့တယ်ဆိုပေမယ့် အရန်ခုံကို သူပြန်လာခဲ့ပါတယ်။ အဲဒါကနေ ခင်ဗျားတို့ ဘာလုပ်ချင်တာလဲဆိုတာကိုတော့ ကျွန်တော် မသိပါဘူး”လို့ တန်ဟက်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန် နေရတဲ့ တိုက်စစ်မှုး မာရှယ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၁၉ ပွဲသာ ကစားခွင့်ရပြီး ၅ ဂိုးသာသွင်းနိုင်ခဲ့တာပါ။

၂၀၁၅ ကတည်းက အိုးလ်ထရက်ဖို့ဒ်မှာရှိခဲ့တဲ့ ပြင်သစ်သားဟာ လာမယ့်နွေမှာ ရောင်းထုတ်ခံရမယ်လု့ိ သတင်းကြီးနေပါတယ်။