မန်စီးတီးနဲ့ FA ဖလား ဗိုလ်လုပွဲမှာ မန်ယူ အသင်း နိုင်ခြေ ဘယ်လောက် % ရှိလဲ နဗီးလ် ထုတ်ဖော် ပြောလာ

မန်ချက်စတာဒါဘီပွဲအဖြစ် စီးတီး ကစားမယ့် FA ဖလားဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်း အနိုင် ရနိုင်ခြေ ဘယ်လောက်ပဲ ရှိသလဲ ဆိုတာကို မန်ယူ ဂန္ထဝင်ကစားသမားကြီး ဂယ်ရီနဗီးလ်က ခန့်မှန်းလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီမှာ ဖလား(၃)လုံးလမ်းကြောင်းပေါ် ရောက်နေပြီး အခုလောလောဆယ် ဖလားတစ်လုံးဖြစ်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ပါပြီ။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

စနေနေ့က နော်တင်ဟမ် ဖော်ရက်စ်နဲ့ပွဲမှာ အာဆင်နယ်တို့ (၁-ဝ)ဂိုးနဲ့ရှုံးခဲ့တာကြောင့် မန်စီးတီးအသင်းဟာ ရာသီမကုန်ခင်မှာပဲ ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ FA ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာလည်း ဗိုလ်လုပွဲအဆင့် တက်ရောက်ထားသလို ဇွန်လ (၃)ရက်မှာ ယူနိုက်တက်နဲ့ FA ဖလားဗိုလ်လုပွဲ၊ ဇွန်လ(၁၀)ရက်မှာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေ ရင်ဆိုင်ရမှာပါ။

မန်စီးတီးအသင်းအနေနဲ့ FA ဖလား၊ ချန်ပီယံလိဂ်ဖလားတွေ ရယူနိုင်မယ်ဆိုရင် မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်း ၁၉၉၈-၉၉ ရာသီက စွမ်းဆောင်နိုင်တဲ့ ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်ဖလားတွေကို ရယူနိုင်မယ့် ဒုတိယမြောက် ကလပ် အဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

ဂယ်ရီနဗီးလ်ဟာ FA ဖလား ဗိုလ်လုပွဲကို ဝင်ဘလေကွင်းဆီ သွားရောက်အားပေးမှာဖြစ်ပေမယ့် သူ့အသင်း အနိုင်ရဖို့ သိပ်တော့ မမျှော်လင့်ထားပါဘူး။

The Telegraph သတင်းစာနဲ့အင်တာဗျူးမှာ ဂယ်ရီနဗီးလ်က “ဝင်ဘလေမှာကစားမယ့် FA ဗိုလ်လုပွဲအတွက် ကျွန်တော် လက်မှတ်ဝယ်ထားပြီးပါပြီ။ ဒါပေမဲ့ မန်စီးတီးတို့ ယူနိုက်တက်ကို အနိုင်ကစားမယ့်ပွဲကို သွားကြည့်ရမလားလို့တောင် ကြိုတွေးနေမိပါတယ်။

မန်စီးတီးအသင်းဟာ ဖလား(၃)လုံးချန်ပီယံဖြစ်ဖို့ အလားအလာကောင်းနေပေမယ့် ယူနိုက်တက်အသင်းက အဲဒီ အခြေအနေကို တားဆီးနိုင်မယ်လို့တော့ မျှော်လင့်မိပါတယ်။ အဲဒီလို ဖြစ်နိုင်ခြေကလည်း (၅%)လောက်သာ ရှိပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

မန်စီးတီးအသင်း ဖလား(၃)လုံးချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် ရှိနေတာနဲ့ပတ်သက်ပြီး ဂယ်ရီနဗီးလ်က “မန်စီးတီး အသင်းကို ဖလား(၃)လုံးချန်ပီယံ ဖြစ်စေချင်လားလို့ မေးရင် လုံးဝ၊ လုံးဝ၊ လုံးဝကို မဖြစ်စေချင်ပါဘူး။ ယူနိုက်တက်ပရိသတ်မှန်ရင် မန်စီးတီးကို ဖလား(၃)လုံးချန်ပီယံဖြစ်စေချင်မှာ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။