လက်ရှိကလပ် အေဂျက်ကနေ ထွက်ခွင့်တောင်းချလိုက်တဲ့ မန်ယူ ပစ်မှတ် တိုက်စစ်ကစားသမား
နယ်သာလန် ကလပ် အေဂျက် တိုက်စစ်ကစားသမား ကူဒက်က လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းခွင့် ပေးဖို့ အေဂျက်ဘုတ်အဖွဲ့ထံ တရားဝင် တောင်းဆိုမှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
တိုက်စစ်အားဖြည့်ဖို့ ရှာဖွေနေတဲ့ နည်းပြ တန်ဟက်ရဲ့ မန်ယူအသင်း နွေမှာ ခေါ်ချင်တဲ့ ပစ်မှတ် စာရင်းမှာ ဂါနာလက်ရွေးစင် တိုက်စစ်ကစားသမား ကူဒက် က ပါဝင်နေပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)
အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ကူဒက်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေမှာ တောင်ပံတိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားခဲ့သူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ အေဂျက်ရဲ့ ကစားသမား အင်အား နည်းပါးနေမှုကြောင့် တိုက်စစ်မှူး အဖြစ် ကစားရင်း ဂိုးသွင်းခြေ တွေ့နေသူပါ။
ကူဒက်က ယခုနှစ် ဘောလုံးရာသီမှာ အေဂျက်အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။
ကူဒက်နဲ့ အေဂျက်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်က လာမယ့် ၂၀၂၅ခုနှစ် အထိ သက်တမ်း ကျန်နေသေးပေမယ့် ကူဒက်က သူ့ရဲ့ ကစားသမား ဘဝအတွက် ဥရောပရဲ့ ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားတာကြောင့် နွေဈေးကွက်မှာပဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။
နာမည်ကြီး သတင်းထောက် ဖြစ်သူ လော်ရီ ဝှိုက်ဝဲလ်ရဲ့ ဖော်ပြချက်အရ ကူဒက်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အေဂျက်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ကူဒက်ကို အသင်းပြောင်းခွင့် ပေးဖို့ တောင်းဆိုခဲ့ကြကြောင်း သိရပါတယ်။
အေဂျက်ဘက်က သူတို့အသင်းရဲ့ အဓိက ကစားသမား ကူဒက်ကို လက်မလွှတ်ချင်ပေမယ့် ကူဒက်ရဲ့ တောင်းဆိုမှုကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှု တခုသာ ရလာရင် ကူဒက်ကို ရောင်းချဖို့ သဘောတူခဲ့ပြီး လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ်နဲ့ နယူးကာဆယ်တို့လို ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေက ကူဒက်ကို ခေါ်ဖို့ စိတ်ဝင်စားနေကြပါတယ်။