ယိုယွင်းနေမှုတွေ လူမမြင်အောင် ခဏလေး ဖုံးထားနိုင်တဲ့ မန်ယူလို့ ပေါလ်မာဆန် ဝေဖန်
ချန်ပီယံလိဂ်ပွဲမှာ အတ္တလန်တာကို သရေကစားပြီး အုပ်စုတွင်းကို ယာယီဦးဆောင်နေတဲ့ ယူနိုက်တက်ကို ယိုယွင်းနေတဲ့ အခြေအနေကို ပလာစတာကပ်ပြီး အချိန်ခဏတာ ဖုံးကွယ်ထားနိုင်ခြင်းပါပဲလို့ ပေါလ်မာဆန်က ဝေဖန်လိုက်ပါတယ်။
ချန်ပီယံလိဂ် သရေပွဲကြောင့် ယူနိုက်တက်ဟာ ဒုတိယ နေရာက ဗီလာရီးရဲကို ကျော်ပြီး အုပ်စုဗိုလ်နေရာရရှိထားကာ ဒီလနှောင်းပိုင်းမှာ အဆိုပါ စပိန်ကလပ်နဲ့ အဝေးကွင်းမှာ တွေ့ဆုံရဖို့ရှိပါတယ်။ ဒါပေမယ့် ဆိုးရှာရဲ့ အသင်းဟာ ဗီလာရီးရဲလ်ကို ရင်ဆိုင်ချိန်မှာ ပွဲအချိန်အကြာကြီးအထိ ထပ်ပြီးတော့ ခြေစွမ်းဆိုးရွာနေခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်က စပါးကို ၃-၀ နဲ့ အနိုင်ရခဲ့တာက နည်းပြရဲ့ ပုခုံးပေါ်က ဖိအားတွေကို လျော့ပါးစေခဲ့ပေမယ့် ဘာဂါမိုမှာ ရော်နယ်ဒိုရဲ့ ဂိုးတွေက ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့ အခွင့်အရေးတွေ မြှင့်တင်ပေးခဲ့တာတောင် အဆီအငေါ် တည့်မနေတဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်ကြောင့် ဆိုးရှားအပေါ် အလားတူ မေးခွန်းထုတ်မှုတွေ မြင့်တက်လာခဲ့ပြန်တာ ဖြစ်ပါတယ်။
“ ဒီရလဒ်က ပလာစတာ ကပ်ထားတဲ့ ပုံစံမျိုးပါပဲ။ ယိုယွင်းပျက်ဆီးနေတာတွေကို ခဏတာ ကွယ်ထားပေးရုံအဆင့်ပါ။ ဒါပေမယ့် သရေပွဲကြောင့် ယူနိုက်တက်တို့ နောက်တဆင့် တက်ဖို့ အလားအလာ ပိုကောင်းသွားတယ်။
ရှုံးခဲ့မယ်ဆိုရင်တော့ သူတို့တွေ ဗီလာရီးရဲလ်ကို ထပ်အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရမှာပါ။ အခုတော့ နောက်တဆင့်တက်ဖို့ မျှော်လင့်လို့ ရသွားတာပေါ့။
ကွင်းထဲမှာ ရော်နယ်ဒို ရှိနေသရွေ့ မင်းမှာ အခွင့်အရေးရှိတယ်။ သူတို့ဘာသာ သူတို့ဆို ဘယ်တော့မှ ဂိုးသွင်းနိုင်မယ့်ပုံ မပေါ်ဘူး။ ဒါပေမယ့် ရော်နယ်ဒို ရှိနေတော့ သူတို့အတွက် အားကိုးရသွားတာပေါ့ ” လို့ ပေါလ်မာဆန်က မှတ်ချက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။