မန်ယူရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အဖြေထွက်မယ့် ဒီကြားရက် ချယ်ဆီးနဲ့ပွဲ အတွက် အားတက်စရာ သတင်းကောင်း
မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ပွဲကျန်အဖြစ် ဒီကြားရက်မှာ ချယ်လ်ဆီးကို အိမ်ကွင်းပွဲ လက်ခံကစားရမှာဖြစ်ပြီး ဒီပွဲ မတိုင်ခင် အားတက်စရာ သတင်းကောင်း တစ်ခုက ရှိနေပါတယ်။
အရင်ရက် က လက်စတာနဲ့ပွဲမှာ နယူးကာဆယ်အသင်း သရေတစ်မှတ် ရရှိခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသွားပြီး လက်ကျန်တစ်နေရာအတွက် ယူနိုက်တက်တို့ ဆက်လက်ကြိုးစားရဦးမှာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူနိုက်တက်အသင်းဟာ အဆင့်(၅)နေရာက လီဗာပူးလ်ထက် (၁)ပွဲလျော့၊ (၃)မှတ်ဖြတ်ထားနိုင်တာကြောင့် လာမယ့်ချယ်လ်ဆီးနဲ့ပွဲမှာ သရေတစ်မှတ်ရရုံနဲ့ အဆင့်(၄)အတွင်းဝင်ဖို့ သေချာသွားမှာဖြစ်ပါတယ်။
သွင်းဂိုးတွေနဲ့ အဆုံးသတ်ပိုင်း ရုန်းကန်နေရတဲ့ မန်ယူအသင်းဟာ ချယ်လ်ဆီးနဲ့ ပွဲမှာ အဓိကတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ပါဝင်ကစားနိုင်ဖို့ ရှိပါတယ်။ ဒါက မန်ချက်စတကလပ် သက်တောင့်သက်သာ ရာသီသိမ်းနိုင်ဖို့ အားတက်စရာပါ။
ချယ်လ်ဆီးအသင်းဟာ ယာယီနည်းပြလမ်းပတ်လက်ထက်မှာလည်း ရလဒ်ဆိုးတွေနဲ့ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ နောက်ဆုံး (၉)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့သလို (၇)ပွဲအထိရှုံးခဲ့ပါတယ်။
ယူနိုက်တက်အသင်းကလည်း ဒီရာသီ အိမ်ကွင်းပွဲတွေမှာ ရလဒ်ကောင်းရယူနေပြီး ပြိင်ပွဲစုံ(၂၈)ပွဲဆက်ရှုံးပွဲမရှိဘဲ ပရီးမီးယားလိဂ် အိမ်ကွင်းနောက်ဆုံး(၄)ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။
အဲဒါကြောင့် ချယ်လ်ဆီးနဲ့ပွဲမှာ ယူနိုက်တက်တို့ သရေတစ်မှတ်ရဖို့ မခက်တဲ့အပြင် အဓိကတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်လည်း ပါဝင်နိုင်မှာဖြစ်လို့ ပိုပြီးတောင် အားတက်စရာဖြစ်စေပါတယ်။

ဒီရာသီ ပြိုင်ပွဲစုံမှာ (၂၉)ဂိုးအထိ သွင်းယူခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ ဝက်စ်ဟမ်းကို (၁-ဝ)ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲမှာ ပါဝင်ကစား ခဲ့ပြီးတဲ့နောက် ဒဏ်ရာပြဿနာကြောင့် ဝုလ်ဗ်၊ ဘုန်းမောက်နဲ့ပွဲတွေကို လွဲချော်ခဲ့ပါတယ်။
ဘုန်းမောက်နဲ့ပွဲမတိုင်ခင် ရပ်ရှ်ဖို့ဒ် ဒဏ်ရာက ပြန်လည်သက်သာလာပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ပေမယ့် အဖျားရောဂါ ခံစားခဲ့ရတဲ့အတွက် ဘုန်းမောက်နဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ အခု ရပ်ရှ်ဖို့ဒ်ဟာ ကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်လို့ ချယ်လ်ဆီးနဲ့ပွဲမှာ ပွဲထွက်ကစားနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
ဒါပေမဲ့ ကွင်းလယ်လူ ဆာဘစ်ဇာကတော့ ဒူးဒဏ်ရာကြောင့် အသင်းရဲ့ ရာသီလက်ကျန်ပွဲ အားလုံးကို လွဲချော်မှာဖြစ်တယ်လို့ ယူနိုက်တက်အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။