အန်တိုနီရဲ့ ဒဏ်ရာအခြေအနေ ပြင်းထန်မှာကြောင့် စိတ်ပျက် စိုးရိမ်နေတဲ့ မန်ယူ နည်းပြ တန်ဟက်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်က တောင်ပံကစားသမား အန်တိုနီရဲ့ ဒဏ်ရာအခြေအနေက ပြင်းထန်မှု ရှိကြောင်း ပြောပြလာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ယနေ့နံနက်က ချဲလ်ဆီးအသင်းကို ၄-၁ဂိုးနဲ့ အနိုင်ယူကာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပေမယ့် ဘရာဇီးသား တိုက်စစ်သမား ဒဏ်ရာရသွားတာက အသင်းအတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အသက် ၂၃နှစ်သားဟာ ချဲလ်ဆီး ကစားသမား ချာလိုဘတ်ရဲ့ ဖျက်ထုတ်မှုအတွင်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ကာ ထမ်းစင်နဲ့ထုတ်ခဲ့ရပြီး ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲခဲ့ရပါတယ်။ အန်တိုနီအပြင် လုခ်ရှောဟာလည်း ပထမပိုင်းအပြီးမှာ မာလာစီယာနဲ့ လူစားလဲခဲ့ရပါတယ်။
အဆိုပါကစားသမားနှစ်ဦးရဲ့ ဒဏ်ရာ အခြေအနေကို မေးမြန်းရာမှာ တန်ဟတ်က “ကျွန်တော် အခုပြောဖို့ ခက်ပါသေးတယ်။ ၂၄နာရီကြာစောင့်မှ ဒဏ်ရာအခြေအနေကို ထပ်သိရမှာပါ”လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး မေးမြန်းရာမှာ တန်ဟတ်က “ကျွန်တော် မသိသေးပါဘူး။ သူ ထွက်သွားရတဲ့ပုံစံကို အားလုံးလည်း မြင်ကြမှာပါ။ သူ့ဒဏ်ရာက ပြင်းထန်တယ်ဆိုတာလောက်ပဲ ပြောလို့ရသေးပြီး အနည်းဆုံး ၂၄နာရီစောင့်ပြီးမှ ဒဏ်ရာ အခြေအနေကို ပြန်ပြောနိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဇွန်လ ၃ ရက်နေ့မှာ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး အန်တိုနီ အနေနဲ့ အဆိုပါပွဲစဉ်ကို လွဲချော်ဖို့များနေခဲ့ပါတယ်။