အက်ဖ်အေဖလားအတွက် မန်စီးတီးကို သတိပေးသလို မန်ယူပရိသတ်တွေကိုပါ ကတိပေးတဲ့ နည်းပြတန်ဟက်
လာမယ့် ဇွန်လ ၃ ရက်နေ့မှာ အက်ဖ်အေဖလား သမိုင်းရဲ့ ပထမဆုံး မန်ချက်စတာ ဒါဘီပွဲကို နွှဲကြတော့မယ့် နည်းပြ နှစ်ယောက်ကတော့ ပွဲမခင်က တည်းက စကားစစ်ထိုးပွဲတွေ လုပ်နေပြီဖြစ်ပါတယ်။
မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ မန်ယူနည်းပြဘ၀ ပထမဆုံး အက်ဖ်အေဖလားကို အရယူချင်စိတ် ပြင်းပြနေသလို တစ်ဖက်မှာလည်း မန်စီးတီးရဲ့ ဆရာသမား ဂွါဒီယိုလာက ဖလား ၃ လုံးအိပ်မက်ကို အကောင်အထည် ဖော်ချင်စိတ် ထက်သန်နေပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)
လက်ရှိခြေစွမ်းပိုင်းအရ မန်ယူဟာ မန်စီးတီးကို တစ်ဦးချင်းရော အသင်းလိုက်ပါ ယှဉ်နိုင်စွမ်းမရှိဘူးလို့ ပြောနေကြတာ မျိုးတွေ ရှိပေမဲ့လည်း ဗိုလ်လုပွဲဆိုတာက တစ်ပွဲတည်းနဲ့ အဆုံးအဖြတ်ပေးတာဖြစ်တဲ့ အတွက် ဘယ်သူမှ တပ်အပ် ပြောလို့တော့ မရပါဘူး။
မန်ယူ နည်းပြ တန်ဟတ်က အက်ဖ်အေဖလားရဖို့အတွက် လုပ်လို့ရတာ အကုန်လုပ်ပြီး အဆုံးအထိ သွားမယ်လို့ ကြွေးကြော်လိုက်ပြီဖြစ်ပါတယ်။
“ကျွန်တော်တို့ အစွမ်းကုန် လုပ်မှာပါ။ အစွမ်းကုန် လို့ ကျွန်တော် ပြောနေမှတော့ အဆုံးအထိပေါ့ဗျာ။ လုပ်ပြလို့ မရတော့တဲ့ ရာနှုန်းပြည့် ဆိုတာမျိုးထက်ကို ကျော်ပြီး လုပ်ပြမှာပါ။
ပရိသတ်တွေကလည်း ဒီအပေါ်မှာ ယုံစားနေတာ။ စီးတီးနဲ့ပွဲမှာ အဲဒါကို ကျွန်တော်တို့ လုပ်ပြချင်တာ။ ပရိသတ်တွေကို ကျွန်တော်တို့ အဲဒါမျိုး ပေးချင်တာ။ သူတို့အနေနဲ့ ဒီရာသီ ဒုတိယ ဖလားရဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန် လုပ်သွားမယ်။
ကျွန်တော်တို့မှာရှိတဲ့ အရာအားလုံး၊ အသင်းမှာ ရှိနေတဲ့ အရာအားလုံး၊ ဝန်ထမ်း တွေမှာရှိတဲ့ အရာအားလုံးပေါ့။ အဲဒီဖလားရဖို့ ရသမျှ အကုန်လုပ်မှာ။ ကျွန် တော်တို့ လုပ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ သက်သေပြခဲ့ပြီးပြီ။
သူတို့က အသင်းကောင်းဖြစ်လို့ လွယ်တော့ မလွယ်လှဘူး။ ဒါပေမဲ့ ကျွန်တော်တို့လည်း အသင်းကောင်းပဲလေ” လို့ တန်ဟတ်က ဖူလ်ဟမ်နဲ့ ကစားမယ့် ပွဲမတိုင်ခင်မှာ ပြောသွားခဲ့တာပါ။
မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ ကလည်း ယူနိုက်တက်ကို လျှော့တွက်ထားတဲ့အထဲမှာ သူ မပါဘူးလို့ ဘရန်ဖို့ဒ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင်မှာ ပြောဆိုခဲ့ပါတယ်။