ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ အနိုင်ရလိုရင် ဒီလူစာရင်းနဲ့ မရဘူးလို့ တာဝန်ရှိသူတွေကို တန်ဟက် သတိပေး
တန်ဟက်ကတော့ အကြီးမားဆုံး ဆုဖလားတွေအောင်မြင်ဖို့ ငွေသုံးရမယ်လို့ မန်ချက်စတာကလပ် တာဝန်ရှိသူတွေကို ပြောဆိုခဲ့ပြီးနောက် လာမယ့်အပတ်တွေ အတွင်း ခေါ်ယူမှုတွေ လုပ်ချင်တဲ့ သူ့ဆန္ဒကို ဖွင့်ဟလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ချယ်ဆီးကို အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရခဲ့ပြီဖြစ်ပါတယ်။ နောက်လ မန်စီးတီးနဲ့ အက်ဖ်အေဖလားဖိုင်နယ် မကန်ခင်မှာထဲက ကာရာဘောင်းဖလား အနိုင်ရထားတာမို့ အောင်မြင်တဲ့ ရာသီတစ်ခု ဖြစ်နေခဲ့ပြီးသားပါ။
ဒါပေမယ့် တန်ဟက်ကတော့ သူ့အသင်းအတွက် နောက်ထပ်ခြေလှမ်းဟာ နောက်ထပ် ဆုဖလားတွေကို ကြိုးပမ်းဖို့ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ ဒီရာသီက အခြေခံကောင်းတစ်ခုပါပဲ။ ဒါပေမယ့် အဆင့်အတန်းတွေကို မြှင့်တင်ရမယ်၊ တောင်းဆိုမှုတွေက ပိုမြင့်မားရမယ်။ ဒီအသင်းနဲ့အတူ နွေရာသီမှာ အလုပ်ဆက်လုပ်ရမှာဖြစ်ပေမယ့် အင်အားဖြည့်တင်းမှုတွေလည်း လိုအပ်ပါတယ်။
ဆုဖလားတွေအတွက် ယှဉ်ပြိုင်ချင်တယ်။ ဒါပေမယ့် လက်တွေ့ကျကျ တွေးရမှာပါ။ အခု ကျွန်တော်တို့က ဖလားစိန်ခေါ်နိုင်တဲ့ အဆင့်မျိုး မဟုတ်သေးတာကြောင့် အများကြီး ကြိုးစားရဦးမယ်။ အမြင့်မားဆုံးအဆင့်မှာ ယှဉ်ပြိုင်ချင်ရင် ပိုကောင်းတဲ့ ကစားသမားတွေကို လိုအပ်ပါတယ် ” လို့ တန်ဟက်က ပြောကြားခဲ့တာပါ။
ချယ်ဆီးရဲ့ မေဆန်မောင့်နဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကလည်း ယူနိုက်တက်ရဲ့ အလိုရှိစာရင်းထဲ ပါဝင်နေပါတယ်။ ကလပ်ဟာ မောင့်အတွက် ပေါင် ၅၅သန်း ပေးဖို့ ဆန္ဒရှိနေပြီး ရိုက်စ်ကတော့ ပေါင်သန်း ၁၀၀ လောက် ကုန်ကျနိုင်ဖွယ်ရှိပါတယ်။
ယူနိုက်တက်ရဲ့ အပြောင်းအရွေ့အစီအစဉ်တွေဟာ ဂလေဇာမိသားစု အချိန်ဆွဲနေတဲ့ အသင်းအရောင်းအဝယ် ကိစ္စ ပြီးမြောက်မှုအပေါ် မူတည်နေနိုင်တာပဲ ဖြစ်ပါတယ်။