မာရှယ် အပြင် နောက်ထပ် တိုက်စစ်မှုး တစ်ဦးပါ ဒီည ဗိုလ်လုပွဲမှာ မပါနိုင်ကြောင်း မန်ယူနည်းပြ တန်ဟက် အသိပေး

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ FA ဖလား ဗိုလ်လုပွဲအဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲကို အဓိက တိုက်စစ် ကစားသမားတစ်ဦးပါ ထပ် လွဲချော်မှာဖြစ်တယ်လို့ နည်းပြ အဲရစ်တန်ဟက်က အတည်ပြု လိုက်ပါတယ်။

ဒီမတိုင်ခင်ကလည်း ပြင်သစ် တိုက်စစ်သမား မာရှယ် တံကောက်ကြော ဒဏ်ရာ ရှိနေလို့ ဒီဗိုလ်လုပွဲကို မပါဝင်နိုင်ကြောင်း ကြို အသိပေးထားပြီး ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အခု နောက်ထပ် လွဲချော်မှာကတော့ အသက်(၂၃)နှစ် အရွယ် ရှိပြီဖြစ်သူ ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား အန်တိုနီ ဖြစ်ပါတယ်။

အန်တိုနီ ဟာ ဒီရာသီ ယူနိုက်တက်အသင်းတိုက်စစ် ညာခြမ်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေတာဖြစ်ပြီး (၄၄)ပွဲကစား၊ (၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အန်တိုနီဟာ မေလ(၂၅)ရက်က ချယ်လ်ဆီးကို(၄-၁)ဂိုးနဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပြိုင်ဘက် နောက်ခံလူချာလိုဘာရဲ့ ဖျက်ထုတ်မှုကြောင့် ခြေချင်းဝတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး FA ဖလားဗိုလ်လုပွဲကို လွဲချော်ဖို့ သေချာသလောက်ရှိသွားပါပြီ။

FA ဖလားဗိုလ်လုပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အဲရစ်တန်ဟက်က “ဗိုလ်လုပွဲမှာ အန်တိုနီ ပါဝင်နိုင်ဖို့ မသေချာတော့ပါဘူး။ အခွင့်အရေးတော့ရှိသေးပေမယ့် အရမ်းနည်းပါတယ်။

အန်တိုနီရဲ့ ဒဏ်ရာအနေအထားက တိုးတက်လာမှု မရှိသေးပါဘူး။ မီဒီယာတွေက ပွဲမကစားနိုင်တဲ့ ကစားသမား အကြောင်းကို ခဏခဏမေးမြန်းလေ့ရှိပြီး အသင်းမှာရှိတဲ့ တခြားကစားသမားတွေနဲ့ ကျွန်တော်တို့ အောင်ပွဲတွေ အများကြီးရယူနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့အသင်းမှာ ကစားသမားကောင်းတွေ အများကြီးရှိသလို တောင့်တင်းတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ဆုံတွေ့ရဖို့ အခွင့်အရေးကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲ အဆင့် ရောက်ဖို့အတွက် ကျွန်တော်တို့အသင်း အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ရတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

FA ဖလားဗိုလ်လုပွဲကို အန်တိုနီအပြင် ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲမှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တဲ့ မာရှယ် လည်း လွဲချော်မှာဖြစ်ပါတယ်။