ကတုံးချင်း တူပေမယ့် ပက်ကို တန်ဟက် မယှဉ်နိုင်သလို မန်ချက်စတာချင်း တူပေမယ့် စီးတီးကို မယှဉ်နိုင်ခဲ့တဲ့ ဖလား လွတ်ခဲ့ရတဲ့ မန်ယူအသင်း

မန်စီးတီး အသင်းကတော့ ဒီည ဝင်ဘာလေမှာ ကစားတဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဂန်ဒိုဂန် ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂-၁ နဲ့ မန်ယူကို အနိုင်ရပြီး အက်ဖ်အေဖလား ချန်ပီယံ ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာဒါဘီ၊ အက်ဖ်အေဖလားဗိုလ်လုပွဲ ဖြစ်ပေမယ့် ပွဲ ကတော့ ထင်မှတ်သလောက် အကြိတ်အနယ်မရှိခဲ့ပါဘူး။ မန်စီးတီးက မန်ယူထက် ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အဖွင့်ဂိုးကိုလည်း စပေးဘောပေးပြီး ၁ မိနစ်တောင် မပြည့်ခင် ၁၃ စက္ကန့် အကြာမှာပဲ ဂန်ဒိုဂန်က သွင်းပေးခဲ့လို့ ပွဲက မထင်မှတ်ထားဘဲ အပြောင်းအလဲတွေ ဖြစ်သွားခဲ့တာပါ။ လင်ဒီလော့ဖ်ရဲ့ ခေါင်းတိုက်ချက်က ဂန်ဒိုဂန်ဆီ ရောက်သွားခဲ့ရာ မှာ သူက အဝေးကန်ချက်နဲ့ သွင်းယူခဲ့ပြီး ဒီဂီယာတယောက် ဘာမှမတတ်နိုင်ခဲ့ပါဘူး။

မထင်မှတ်ဘဲ ဂိုးပေးလိုက်ရလို့ ယူနိုက်တက်တို့ အားထည့်လာခဲ့ပေမယ့် ကစားကွက်ပိုင်းမှာ မန်စီးတီးကို မယှဉ်နိုင်ခဲ့ပါဘူး။ တိုက်စစ်ပိုင်းက မယ်မယ်ရရလည်း မလုပ်ပြနိုင်ခဲ့ဘဲ ဂိုးကန်သွင်းခွင့်ရဖို့တောင်မှ တော်တော်လေး ကြိုးစားခဲ့ရတာပါ။

ကံကောင်းတာကတော့ ဘစ်ဆာကာရဲ့ ခေါင်းတိုက်ချက်က ဂရီလစ်ရှ်လက်နဲ့ထိခဲ့လို့ ပင်နယ်တီရခဲ့ပြီး ဘရူနိုက အပိုင်ကန်သွင်းလို့ ချေပဂိုးရသွားခဲ့တာပါ။ ဂိုးပေးလိုက်ရပေမယ့် မန်စီးတီးကပဲ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ၆ မိနစ်မှာတော့ ဂန်ဒိုဂန်ကပဲ ဧရိယာစည်းထိပ်ကနေ ဘယ်ခြေနဲ့ ကန်သွင်းရာမှာ ဒီဂီယာ ဒီတကြိမ်လည်း အငိုက်မိခဲ့ပြီး လိုက်ပုတ်ထုတ်ခဲ့ပေမယ့် ဂိုးပေးလိုက်ရပါတယ်။ မန်စီးတီးက တချိန်လုံး ဘောလုံးကိုင် ကစားနိုင်ခဲ့ပြီး ယူနိုက်တက်ကတော့ ကစားကွက်တောင် တည်မရခဲ့ပါဘူး။ ရက်ရှ်ဖို့ဒ် ကန်သွင်းချက်တကြိမ် ရှားရှားပါးပါးရပေမယ့် ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပါတယ်။

ဂွာဒီယိုလာကို တန်ဟက် က နည်းစနစ်ပိုင်းအရရော၊ လူစာရင်းပိုင်းအရပါ မယှဉ်နိုင်ခဲ့တာပါ။ ယူနိုက်တက် ကစားသမားတွေက တဦးချင်းခြေစွမ်းအရပါ မန်စီးတီးကစားသမားတွေထက် နိမ့်ကျနေခဲ့ပြီး သူတို့ ကစားခဲ့ပုံက တော်တော်ဆိုးဆိုးဝါးဝါးပါပဲ။

မန်ယူအသင်း အနေနဲ့ ဂိုးသမား ဒီဂီယာ ရော၊ တိုက်စစ် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကို ပြုပြင်ဖို့ လိုအပ်နေတာ ပိုပြိး မြင်သာစေခဲ့ပါတယ်။

မန်စီးတီးသာ ဒီထက်နည်းနည်းပိုကောင်းခဲ့ရင် ဂိုးတောင်ပြတ်နိုင်မယ့် အခြေအနေမျိုးပါပဲ။ အခုတော့ ၂-၁ နဲ့သာ ပွဲပြီးဆုံးခဲ့ပြီး အက်ဖ်အေဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။

မန်စီးတီးကတော့ ဖလားသုံးလုံးအတွက် နောက်ဆုံးခြေလှမ်းပဲ ကျန်ပါတော့တယ်။ အမှတ်ပေးဖလားနဲ့ အက်ဖ်အေဖလားကို ရယူထားပြီးဖြစ်ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာသာ အင်တာမီလန်ကို နိုင်ခဲ့ရင် တရာသီအတွင်း ဖလားသုံးလုံးရတဲ့ စံချိန်ကိုပါ တင်နိုင်တော့မှာပါ။ ဒီအတွက်လည်း လက်တကမ်းအလိုမှာပဲ ရှိပါတော့တယ်။