အင်္ဂလန်ကလပ်တွေကို အပြောင်းအရွှေ့ အချက်ပေးလိုက်တဲ့ ဥရောပ ကြယ်ပွင့် တိုက်စစ်သမား

ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လူငယ် တိုက်စစ်မှူး အီဆက်ခ်က အင်္ဂလန်လိဂ်ကို ပြောင်းလိုကြောင်း ထုတ်ဖော် ပြောဆိုပါတယ်။

ဆိုစီဒက် တိုက်စစ်မှူး အီဆက်ခ်က ဒီရာသီအစပိုင်းကမှ ဆိုစီဒက်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ ဆက်ရှိနေမယ့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားတာပါ။ ဆွီဒင်တိုက်စစ်မှူးလေးအတွက် စာချုပ်ပါ ပြောင်းရွှေ့ကြေးက ယူရိုသန်း ၇၀ ဖြစ်တယ်လို့ သိရှိရတယ်။

အီဆက်ခ်က “ဆိုစီဒက်အသင်းမှာ ကျွန်တော် ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ တစ်နေ့ အင်္ဂလန်မှာ ကစားရရင် ကောင်းမှာပါ။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကလပ် အသင်းတွေထဲက ခြောက်သင်း၊ ခုနစ်သင်း လောက်က ပရီးမီးယားလိဂ်ကဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှုလည်း အရမ်းကို ပြင်းထန်ပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

ယူရိုပြိုင်ပွဲမှာ တောက်ပလာခဲ့တဲ့ အီဆက်ခ်ကို ခေါ်ယူဖို့ အာဆင်နယ်၊ ချယ်လ်ဆီးနှင့် ဥရောပထိပ် တန်းကလပ်များက စိတ်ဝင်စားနေတာဖြစ်တယ်။ အသက် (၂၂)နှစ် အရွယ်ရှိ အီဆက်ခ်သည် ဒီရာသီမှာ ဆိုစီဒက်အသင်းအတွက် ပြိုင်ပွဲစုံ (၁၂)ပွဲတွင် (၅)ဂိုး သွင်းယူထားပါတယ်။

မန်နေဂျာအာတီတာက လာကာဇက်တီ နေရာ အစားထိုးရေး လူငယ်တိုက်စစ်သမားကို ချိန်ရွယ်နေတာဖြစ်ပြီး အနာဂတ်မှာ အပြောင်းအရွှေ့ ဖြစ်လာမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။