ဆိုးလ်ရှား လက်ကျန်ရှင်းတမ်း လုပ်ဖို့ နွေမှာ သေချာကြမ်းဖို့ ပြင်ဆင်ထားတဲ့ မန်ယူ နည်းပြ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘဏ္ဍာငွေအင်အား တောင့်တင်းဖို့နဲ့ အသုံးမတည့်တဲ့ ကစားသမားတွေ ရှင်းဖို့အတွက် မန်ယူနည်းပြ အဲရစ်တန်ဟတ်ဟာ ဆိုးလ်ရှား လက်ကျန် ရှင်းတမ်း တစ်ခုလုပ်ဖို့ စီစဉ်နေပါပြီ။

နယ်သာလန်သား နည်းပြဟာ သူ့ရဲ့ ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးရာသီမှာပဲ ကာရာဘောင်ဖလားရသလို ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရခဲ့ပေမဲ့ မကျေနပ်နိုင်သေးဘဲ အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ချင်နေသူပါ။

ဒါကြောင့် အသင်းမှာရှိတဲ့ ကစားသမား ၈ ယောက်လောက်ကို ရောင်းထုတ်ချင်နေပြီး အဲဒီ ကစားသမားတွေဟာ နည်းပြ ဟောင်းဆိုးလ်ရှား လက်ထက်က ကစားသမားတွေ ဖြစ်နေပါတယ်။

အသင်း ခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယား၊ ဖရက်ဒ်၊ တွမ်မီနေးတို့အပြင် တိုက်စစ်မှူး မာရှယ်ပါ တန်ဟတ်ရဲ့ နွေရာသီ အရောင်းစာရင်းထဲကို ရောက်နေလောက်ပါပြီ။

ဆိုးလ်ရှားလက်ကျန်ရှင်းတမ်းအတွက် ပထမဆုံး သာဓက တစ်ခု အနေနဲ့ကတော့ မန်ယူကနေ နော်တင်ဟမ်ဆီကို အငှားနဲ့ သွားပြီး ကစားနေတဲ့ ဂိုးသမား ဒိန်းဟန်ဒါဆင်ဟာ အမြဲတမ်းစာချုပ်နဲ့ အပြီးပြောင်းတာကို မြင်ရဖို့ နီးစပ်နေပါပြီ။

ဟန်ဒါဆင်ဟာ တစ်ချိန်မှာ ဒီဂီယာရဲ့ နေရာကို အစားထိုးဝင် လိမ့်မယ်လို့ နော်ဝေသား နည်းပြက ပြောခဲ့တာရှိပေမဲ့ တန်ဟတ်ကတော့ အပြတ်ရှင်းမယ့် အနေအထားကို ရောက်နေပါပြီ။

ဒါ့အပြင် နောက်ခံလူ တဲလက်စ်နဲ့ ဘရန်ဒန်ဝီလီယံတို့ဟာဆိုရင်လည်း ဒီနွေရာသီမှာ အိုးလ်ထရက်ဒ်ဖို့ဒ်ကို ကျောခိုင်းရဖို့ ရှိနေပြီဖြစ်ပါတယ်။ အလားတူပါပဲ နောက်ခံလူ အဲရစ်ဘိုင်လီဟာဆိုရင်လည်း နည်းပြတန်ဟတ် ရှင်းထုတ်မယ့် လက်ကျန် ရှင်းတမ်းထဲမှာ ပါဝင်နေသူပါ။

နယ်သာလန်သားနည်းပြဟာ ယူနိုက်တက်ရဲ့ ခံစစ် တံတိုင်းကို စည်းရိုးကာဖို့အတွက် နာပိုလီနောက်ခံလူ ကင်မင်ဂျေးကို ပစ်မှတ်ထားနေတာပါ။ ဒါပေမဲ့ အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကိုလည်း အင်အားဖြည့်တင်းမှုတွေလုပ်မှ ဟန်ချက်ညီမယ်ဆိုတာကိုလည်း တန်ဟတ် က ကောင်းကောင်း နားလည် သဘောပေါက်ထားပါတယ်။

ဒါကြောင့် ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့်၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ နာပိုလီတိုက်စစ် မှူး ဟယ်ရီကိန်းနဲ့ ဘင်ဖီကာရဲ့ ဂွန်ကာလို ရာမို့စ်တို့ကို လက်ရှိအချိန်မှာ စကားပြောတာတွေ လုပ်နေပါပြီ။

ဒီအထဲမှာ မေဆင်မောင့်ရဲ့ စာချုပ်ကိစ္စကတော့ တော်တော်လေးကို နီးစပ်တဲ့ အနေအထားကို ရောက်နေပြီဖြစ်တယ် လို့ သိရပါတယ်။

စောစောက ပြောခဲ့တဲ့ ကစားသမားတွေသာ မန်ယူကို ရောက်လာပြီဆိုရင်တော့ ဆိုးလ်ရှားလက်ထက်က ရှိနေခဲ့တဲ့ ကစားသမား တွေအကုန်လုံးဟာ အိပ်မက်ကဇာတ်ရုံနဲ့ လမ်းခွဲရဖို့ သေချာနေပြီး ဆိုးလ်ရှား လက်ကျန်ရှင်းတမ်း ပြတ်ပြီလို့ပဲ ပြောရတော့မှာပါ။