စာချုပ် ဖျက်တော့မယ့် မက်ဂွိုင်းယား၊ ကင်မင်းဂျယ် ညှိနှိုင်းမှု၊ ကွင်းလယ်အဖျက် ပစ်မှတ်၊ အစွန်ခံစစ်နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းထူးများ

မက်ဂွိုင်းယားနဲ့ မန်ယူတို့ လက်ကျန်စာချုပ်ကို ဖျက်သိမ်းနိုင်ဖို့နဲ့ အသင်းကနေ ထွက်ခွာသွားစေဖို့ လာမယ့် တစ်ပတ်ထဲမှာ တစ်နည်းနည်းနဲ့ သဘောတူညီမှု ရနိုင်တယ်လို့ ဖာဘရီဇီယို ရိုမာနို ဖော်ပြခဲ့ပြီး အက်စ်တန် ဗီလာနဲ့ စပါးစ်တို့ စိတ်ဝင်စားနေပါတယ်။

မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ နာပိုလီနောက်ခံလူ ကင်မင်းဂျယ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ ဒီတစ်ပတ်ထဲမှာ ထပ်မံကြိုးစားသွားမှာဖြစ်ပြီး အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး အတွက်တော့ စာချုပ်လျော်ကြေး ပေါင် ၄၅ သန်းကို ပေးချေမှာဖြစ်လို့ ညှိနှိုင်းစရာ မလိုတော့ကြောင်း သိရပါတယ်။’

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အသင်းမှာ ဦးစားပေး ကွင်းလယ်အဖျက် ကစားသမားအဖြစ် ကာစီမီရိုရှိနေသလို ဝက်စ်ဟမ်းရဲ့ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့အတွက် ခက်ခဲနိုင်ချိန်မှာ နံပါတ် ၆ ရော နံပါတ် ၈ ပါ ကစားနိုင်တဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာကိုပဲ မန်ယူတို့ ဈေးပေး ကမ်းလှမ်းသွားဖို့ စီစဉ်နေပါပြီ။

အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း အဲရစ် တန်ဟတ် ရောက်လာလို့ ဝမ်းသာခဲ့ရပြီးမှ ကွင်းလယ်မှာ နေရာ မရသလို အသင်းနဲ့ အနာဂတ်လည်း မရှိသလောက်ဖြစ်နေတဲ့ ဒွန်နီ ဗန်ဒဘိခ်အနေနဲ့ ကစားခွင့်ရဖို့ မဖြစ်နိုင်တော့လို့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ့်အကြောင်း တာဝန်ရှိသူတွေကို အသိပေးထားပြီ ဖြစ်ပါတယ်။

ညာနောက်ခံလူနေရာအတွက် တိုက်စစ်ပဲ ရတဲ့ ဒါလော့နဲ့ ခံစစ်ပဲ ရတဲ့ ဝန်ဘစ်ဆာကာတို့ကြောင့် နည်းပြ တန်ဟတ်အနေနဲ့ လူသစ် တောင်းဆိုထားသလို မိုနာကိုခံစစ်မှူး ဘရာဇီးလ်သား ဗန်ဒါဆန်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး လိဂန်ကလပ်ဘက်က တောင်းဆိုထားတဲ့ ယူရို သန်း ၅၀ ထက်တော့ ဈေးဆစ်နိုင်ဖွယ် ရှိနေပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ အနာဂတ် ပျောက်ဆုံးသွားခဲ့တဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ခဲ့တဲ့ နော့တင်ဟမ် ဖောရက်စ်ဆီ အငှားချထားရာကနေ အပြီးသတ် ရောင်းချဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်နေပြီး ဒဟေးယားနဲ့အတူ ရှင်းထုတ်သွားဖို့ ပြင်ဆင်နေပါပြီ။

စပါးစ်အသင်းက ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ဟာရီကိန်းကို မန်ယူတို့ အလိုရှိနေပေမယ့်လည်း ဘင်ဇီးမားနေရာ အစားထိုးပြီး ချန်ပီယံလိဂ်အောင်မြင်မှုတွေနဲ့ စည်းရုံးမယ့် ရီးရဲလ်မက်ဒရစ်ကြောင့် ဈေးပြိုင်ပေးလည်း အဆင်မပြေဘဲ လက်လွှတ်ရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။