အာဂျင်တီးနား အသင်းကြီးမှာ အခွင့်အရေး ရတော့မယ့် မန်ယူကြယ်ပွင့်လေး ဂနာချို
မန်ယူကြယ်ပွင့်လေး ဂါနာချိုဟာ လက်ရွေးစင်အသင်းကြီးမှာ ပွဲဦးထွက်ခွင့် ရတော့မယ်လို့ အာဂျင်တီးနား အသင်းနည်းပြ စကာလိုနီက အတည်ပြုလိုက်ပါတယ်။
ဂါနာချိုဟာ နည်းပြ တန်ဟက်လက်ထက် အိုးလ်ထရက်ဖို့ဒ်မှာ အသင်းကြီးကစားသမားဘ၀ ပထမဆုံးရာသီကို စတင်ဖြတ်သန်းခဲ့တာပါ။ ၁၈ နှစ်အရွယ် ကစားသမားဟာ ၆ ဂိုးသွင်း၊ ၆ ဂိုးဖန်တီးနဲ့ ရာသီအဆုံးသတ်နိုင်ခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မကြာသေးခင်ကလည်း ယူနိုက်တက်ဟာ ဂါနာချိုကို ၅ နှစ်စာချုပ်သစ်ချုပ်ပြီး အသင်းရဲ့ အနာဂါတ်မှာ အရေးပါတဲ့ အစိတ်အပိုင်း အဖြစ် ရှုမြင်ခဲ့တာပါ။
သူဟာ စပိန်နိုင်ငံ မက်ဒရစ်မှာ မွေးသူဖြစ်လို့ ကနဦးက စပိန်ယူ-၁၈ အတွက် ကစားပေးခဲ့ပါသေးတယ်။
ဒါပေမဲ့ မိခင်က အာဂျင်တီးနားသူမို့ အာဂျင်တီးနားအတွက် ပြောင်းလဲကစားခွင့်ရခဲ့ပြီး ယူ-၂၀ အသင်းမှာ ၅ ပွဲကစား ၄ ဂိုးသွင်းထားတာပါ။
အခုတာ့ အာဂျင်တီးနားနည်းပြက မန်ယူလူငယ်ကြယ်ပွင့်ကို အသင်းရဲ့လာမယ့်ခြေစမ်းပွဲတွေမှာ ပွဲဦးထွက်ခွင့် ပေးမယ်လို့ ထုတ်ပြောလာပါတယ်။ ဂါနာချိုဟာ ပြီးခဲ့တဲ့မတ်လကလည်း ဒဏ်ရာကြောင့် အာဂျင်တီးနား အသင်းကြီး ပွဲဦးထွက်နဲ့ လွဲခဲ့တာပါ။
လက်ရှိကမ္ဘာ့ချန်ပီယံအာဂျင်တီးနားဟာ လာမယ့်ဇွန်လ ၁၅ ရက်နေ့မှာ သြစတြေးလျ၊ ၁၉ ရက်နေ့မှာ အင်ဒိုနီးရှား အသင်းတို့နဲ့ ခြေစမ်းမှာ ဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားရဲ့ ၁၆ သင်းအဆင့် မကျေပွဲဖြစ်တဲ့ သြစတြေးလျအသင်းနဲ့ပွဲကိုတော့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကစားမှာပါ။
”ကျွန်တော်တို့ သူ့ကို ဒီအုပ်စုထဲမှာ ပါခွင့်ပြုမှာပါ။ ပွဲထွက်မှာ သူပါမလား လူစားဝင် ကန်ရမလားဆိုတာကိုတော့ ကျွန်တော်တို့ လေ့လာဆန်းစစ်သွားမှာပါ။
ဒါပေမဲ့ သူကတော့ တခြားသူတွေလိုပဲ စိတ်လှုပ်ရှားနေပါတယ်။ ဒီအုပ်စုထဲမှာ သူကောင်းကောင်းအံဝင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ ဂါနာချိုနဲ့ပတ်သက်ပြီး နည်းပြစကာလိုနီက ပြောခဲ့ပါတယ်။