မန်ချက်စတာ ယူနိုက်တက် ချိန်နေတဲ့ ၈ပွဲ ၆ဂိုး သွင်း၊ ဂမ်ဘီယာ တိုက်စစ် ကြယ်ပွင့်လေး
မန်ချက်စတာ ယူနိုက်တက်က ဂမ်ဘီယာ ဒေသတွင်းကလပ် ဘီကိုအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြ ထားနိုင်တဲ့ ဂမ်ဘီယာ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဘိုဂျန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။
အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အဒါမာ ဘိုဂျန်က ဂမ်ဘီယာ ယူ-၂၀အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်ပြီး သူက ဂမ်ဘီယာ ယူ-၂၀အသင်း အတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သူပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အဒါမာ ဘိုဂျန်က အရပ်အမြင့် ၆ပေ ရှိကာ သူက အသက် ၁၇နှစ် အရွယ်ထဲက ဘီကိုအသင်းရဲ့ တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး သူဟာ ဘီကိုအသင်းကို ဒုတိယတန်းလိဂ် ကနေ ပထမတန်းလိဂ်ဆီ တန်းတက်နိုင်အောင် ကူညီပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အဒါမာ ဘိုဂျန်က ယခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ အာဖရိက ယူ-၂၀ပြိုင်ပွဲမှာလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ဘိုဂျန်က အာဖရိက ယူ-၂၀ပြိုင်ပွဲမှာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူနိုင်ခဲ့သလို သူ့ရဲ့ စွမ်းဆောင်ရည် တွေကြောင့်ပဲ ဂမ်ဘီယာက ငွေတံဆိပ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေက ဘိုဂျန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘီကိုအသင်းကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဘိုဂျန်အတွက် ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁သန်း ရရှိဖို့ မျှော်လင့်နေပါတယ်။
နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အဒါမာ ဘိုဂျန်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပြီး ဘွန်ဒက်လီဂါ နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ဖရန့်ဖတ်နဲ့ လိုက်ပ်ဇစ်တို့ကလည်း ဘိုဂျန်ကို ခေါ်ယူချင်နေတာကြောင့် ယူနိုက်တက်ဟာ ဘိုဂျန်ကို ခေါ်ယူချင်ရင် ခပ်သွက်သွက် လှုပ်ရှားရန် လိုအပ်ကြောင်း သိရပါတယ်။