မန်ယူမှာ ဘယ်ကစားသမားတွေ ရှိသင့်ပြီး ဘယ်သူတွေ ထွက်သင့်သလဲ မန်ချက်စတာ ညနေခင်း သတင်းက စစ်တမ်းကောက်
၂၀၂၃-၂၄ ဘောလုံးရာသီသစ် စတင်ဖို့အတွက် ရက်ပေါင်း ၄၀ ကျော်ပဲ လိုပါတော့တယ်။ လက်ရှိမှာ မန်ယူ အသင်းဟာ အပြောင်းအရွှေ့ ဈေးကွက်ထဲ ခြေရှုပ်နေ ပြီး တိုက်စစ်မှူး ဟယ်ရီကိန်း၊ ကွင်းလယ်လူ မေဆင်မောင့်၊ ကိုင်စီဒို စတဲ့ ကစားသမားတွေနဲ့ လူးလားခေါက်ပြန်တွေ ဖြစ်နေပါတယ်။
ယူနိုက်တက်အနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံဆုတွေကို ခပ်တင်းတင်း စိန်ခေါ်ချင်တယ် ဆိုရင်တော့ ဒီထက် ပိုကောင်းတဲ့ လူစာရင်းမျိုး လိုအပ်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က စကားပလ္လင်ခံထားပြီးသားပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့ လက်ရှိအချိန်အထိ တော့ အိုးလ်ထရက်ဖို့ဒ်နဲ့ နီးစပ်တဲ့ မျက်နှာသစ် ကစားသမားရယ်လို့ တစ်ယောက်မှ မရှိသေးပါဘူး။
တစ်ဖက်မှာလည်း မန်ယူဟာ အသင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေစေတဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ ကြိုးစားနေရပါတယ်။ ဒါမှလည်း ဘဏ္ဍာရေး သာတူညီမျှ စည်းမျဉ်းရဲ့ ရေချိန်ကို ဟန်ချက်ညီညီ ထိန်းထားနိုင်မှာပါ။
ဒါကြောင့် မန်ယူမှာ ဘယ်သူတွေ ဆက်ရှိနေသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဘောလုံးချစ်ပရိသတ်တွေရဲ့ သဘောထား အမြင်ကို မန်ချက်စတာ အခြေစိုက် MEN သတင်း ဝက်ဘ်ဆိုက်က ဆန္ဒမဲ ကောက်ယူခဲ့တဲ့ နေရာမှာတော့ အခုလို တွေ့ခဲ့ရပါတယ်။
အသင်းမှာ ဆက်ရှိနေသင့်တဲ့ ကစားသမားတွေထဲ မဲရာခိုင်နှုန်း အနည်းဆုံးရခဲ့တဲ့ ကစားသမားကတော့ အသင်းခေါင်းဆောင် မက်ဂွိုင်းယား ဖြစ်ပြီး ၁၁.၁ မဲ ရာခိုင်နှုန်းရခဲ့ပါတယ်။ အလားတူပါပဲ။
တယ်လက်စ်၊ အဲရစ် ဘေလီ၊ ဗန်ဒီဘိခ်၊ မာရှယ်တို့ဟာဆိုရင်လည်း ဆန္ဒမဲ ရာခိုင်နှုန်း ၂၀ အောက် မှာပဲ ရှိခဲ့ကြပါတယ်။
တခြားသူတွေဖြစ်ကြတဲ့ ဘရန်ဒန် ဝီလီယံ၊ အီလန်ဂါ၊ ဒိန်းဟန်ဒါဆင်၊ ဖရက်ဒ်၊ တွမ်မီနေး၊ ဘိရှော့၊ တီဒန်မန်ဂီနဲ့ ဂိုးသမား ဒီဂီယာ တို့ကတော့ ဆန္ဒမဲရာခိုင်နှုန်း ၅၀ နဲ့ အလယ်အလတ်တန်းစား အဆင့်မှာ ရပ်တည်ခဲ့ကြတယ်။
ဆယ်ကျော်သက်အရွယ် တက်လူကစားသမားဖြစ်တဲ့ ဂါနာချိုကတော့ အသင်းမှာ ပရိသတ်တွေ ဆက်ရှိနေစေချင်တဲ့ ဆန္ဒမဲ ၉၇.၅ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီ မန်ယူရဲ့ အောင်မြင်မှုမှာ အဓိက နေရာကနေ ပါဝင်ခဲ့တဲ့ ကစားသမားတွေဖြစ်ကြတဲ့ ရာဖေးလ်ဗာရန်း၊ ကက်စ်မီရို၊ လုခ်ရှော၊ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်နဲ့ လီဆန်ဒရို မာတီနက်ဇ်တို့က ဆန္ဒမဲ ၉၆ ရာခိုင်နှုန်းအထိ ရခဲ့ကြပါတယ်။