မန်ယူ တာဝန်ရှိသူတွေကို စိတ်ပျက်ကြောင်း ပြသခဲ့တဲ့ ဒီဂီယာ ဒီည အသင်းလက်မဲ့ ကစားသမား ဖြစ်ပြီ

စပိန် ဝါရင့်ဂိုးသမား ဒီဂီယာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးဖို့ (၂၄)နာရီကျော်သာ လိုတော့ပြီး Twiiter မှာ တင်ခဲ့တဲ့ Post ကြောင့် ဒီဂီယာရဲ့အနာဂတ်အပေါ် မေးခွန်းတွေ ထွက်နေပါတယ်။

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ ဒီဂီယာဟာ ၂၀၁၁ ခုနှစ်က ယူနိုက်တက်အသင်းကို ပေါင်(၁၉)သန်းနဲ့ ရောက်ရှိခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၅၄၅)ပွဲကစားခဲ့သလို ယူနိုက်တက် သမိုင်း တစ်လျှောက် ပွဲအများကစားခဲ့တဲ့ ဂိုးသမား အဖြစ် ရပ်တည်နေပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါ့အပြင် ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့ပြီး အသင်းနဲ့ အတူ လိဂ်ဖလားချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ရာသီမှာ ဒီဂီယာရဲ့ အမှားတချို့ကြောင့် ဝေဖန်ခံခဲ့ရပြီး အခုနွေရာသီကာလအတွင်း ယူနိုက်တက်နဲ့ လမ်းခွဲဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီဂီယာရဲ့ လက်ရှိစာချုပ်က မနက်ဖြန်ဆိုရင် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တက်အသင်းဟာ ဒီဂီယာကို လက်ရှိလစာ ပေါင်(၃၇၅,၀၀၀)ထက် အများကြီး ပိုနည်းတဲ့ ပမာဏနဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတယ်လို့ ဗြိတိန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ နည်းပြအဲရစ်တန်ဟက်က ဒီဂီယာကို စာချုပ်သက်တမ်းတိုးဖြစ်မယ်ဆိုရင်တောင် နံပါတ်(၁)ဂိုးသမားအဖြစ် ဆက်လက် အသုံးပြုဖို့ ဆန္ဒမရှိတာကြောင့် ယူနိုက်တက်အသင်းဟာ ဒီဂီယာကို စာချုပ်သစ်ချုပ်ဖို့ ဇဝေဇဝါ ဖြစ်နေပါတယ်။

အသင်းက စာချုပ်သက်တမ်းတိုးဖို့ မသေမချာ ဖြစ်နေချိန်မှာ ဒီဂီယာက သူ့ရဲ့ Twitter မှာ ဘာစာသားမှ မပါဝင်ဘဲ ‘သမ်းဝေ’နေတဲ့ အီမိုဂျီကို Post တင်ခဲ့ပြီး ဒါက ယူနိုက်တက်ဘက်က စာချုပ်သစ်ကိစ္စအတွက် အခုအချိန်အထိ ယတိပြတ်မဆုံးဖြတ် ရသေးတဲ့အပေါ် စိတ်ပျက်ငြီးငွေ့နေပြီဆိုတဲ့ အဓိပ္ပါယ်မျိုးပါပဲ။

ဒီဂီယာဟာ Twitter မှာ Post တင်ပြီး နာရီဝက်အတွင်းမှာပဲ သူ့ရဲ့ Post ကို Like လုပ်သူ (၂၀,၀၀၀)ကျော်၊ Re-tweet လုပ်သူ (၂,၅၀၀)ကျော်အထိ ရှိခဲ့ပါတယ်။

တကယ်လို့ မနက်ဖြန် ဗြိတိန်စံတော်ချိန် ည(၁၂:၀၀)နာရီအထိမှ ယူနိုက်တက်နဲ့ စာချုပ်သစ်မချုပ်ဖြစ်ရင်တော့ ဒီဂီယာ ဟာ (၁၂)နှစ်ကြာ ကစားခဲ့တဲ့ ယူနိုက်တက်အသင်းကနေ အလွတ်နဲ့ထွက်ခွာရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီဂီယာကို ပြန်လည်စာချုပ်နိုင်ခွင့်ရှိပေမယ့် လက်ရှိအနေအထားအရ ဖြစ်လာနိုင်ခြေနည်းနေပါပြီ။

ဒီဂီယာကို ဆော်ဒီကလပ်တချို့က မြင့်မားတဲ့လစာငွေပေးပြီးတော့ ခေါ်ယူဖို့ ပစ်မှတ်ထားနေသလို ယူနိုက်တက်ကလည်း ဒီဂီယာကို လက်လွှတ်လိုက်ရရင် အစားထိုးဖို့အတွက် အင်တာမီလန် ဂိုးသမား အိုနာနာကို ပေါင်သန်း(၅၀)နဲ့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။