မန်ယူက အိုနာနာ ကို တကယ် စိတ်ဝင်စားနေကြောင်း အတည်ပြုလာတဲ့ အင်တာမီလန် အကြီးအကဲ
မန်ချက်စတာ ယူနိုက်တက်ဟာ ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါကြောင်း အင်တာမီလန် စီးအီးအို မာရိုတာ ကိုယ်တိုင်က ထုတ်ပြောလာခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့အသင်းကနေ အလွတ်ဖြင့် ထွက်ခွာတဲ့ ကစားသမား ၆ ဦးစာရင်းကို ကြေညာရာမှာ ဒီဂီယာ ပါဝင်သွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဂိုးသမားဟာ အိုးထရတ်ဖိုဒ့်ကလပ်နဲ့ စာချုပ် ကုန်ဆုံးခဲ့ကာ အလွတ်ဖြင့် မည်သည့်ကလပ်မဆို ခေါ်ယူခွင့်ရခဲ့ပါပြီ။

ဒီဂီယာကို လက်လွတ်ခဲ့ခြင်းနဲ့အတူ ယူနိုက်တက် တာဝန်ရှိသူတွေဟာ အသင်းရဲ့ ဂိုးပေါက်ကို ကာကွယ်ဖို့ ဂိုးသမားသစ် အလိုရှိလာတာ ဖြစ်ပါတယ်။ နည်းပြတန်ဟက် အလိုရှိတဲ့ ဂိုးသမားများ စာရင်းမှာတော့ အိုနာနာက တစ်ဦးအဖြစ် ပါဝင်ထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ အိုနာနာကို ခေါ်ယူနိုင်ရေးအတွက် ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း ဒီအပတ်တွေအတွင်း The Athletic က ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ မာရိုတာကလည်း “ မန်ချက်စတာ ယူနိုက်တက်က အိုနာနာကို စိတ်ဝင်စားနေပါတယ်။ လာမယ့်ရက်တွေမှာ အခြေအနေ ထူးခြားလာမယ်ဆိုရင် အင်တာနဲ့ ကစားသမားဘက်က သေချာလေး စဉ်းစားသွားမှာပါ ” လိုပ ထုတ်ပြောလာခဲ့ပါတယ်။
အင်တာဘက်က အိုနာနာအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ အလိုရှိတယ်လို့ သိထားရပြီး နွေအသုံးစရိတ် ပေါင် သန်း ၁၂၀ ပဲ ရှိထားတဲ့ ယူနိုက်တက်က မောင့်ပြီး ဒုတိယမြောက် ခေါ်ယူမှုအဖြစ် သူ့ကို ချိတ်ဆက်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။