ပေါချောင်ကောင်း ယူရို သန်း ၃ဝ တန် တိုက်စစ်မှုးကို ချိန်လာတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် က အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု အဖြစ် အီရန်နွယ်ဖွား ပေါ်တိုတိုက်စစ်မှူး တာရဲမီကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ မာရှယ်နဲ့ ရက်ဖို့ဒ်တို့ နှစ်ဦးထဲကိုသာ ပိုင်ဆိုင်ထားတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် အထောင်တိုက်စစ်မှူး တဦး မဖြစ်မနေ ခေါ်ယူဖို့ ဆုံးဖြတ်ထားတာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ကနဦးမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ၊ နာပိုလီတိုက်စစ်မှူး အိုဆီမန်နဲ့ အတ္တလန်တာ လူငယ်ကြယ်ပွင့် ဟွိုက်လန်းတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်လာဖွယ် ရှိနေတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ အသားတင် အသုံးစရိတ် ပေါင် ၁၂၀သန်းကိုသာ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ပေါင် ၁၀၀သန်း ဝန်းကျင် အထိ သုံးစွဲရမယ့် ဟယ်ရီကိန်း ၊ အိုဆီမန်တို့ကို မခေါ်နိုင်တော့သလို အတ္တလန်တာကလည်း ဟွိုက်လန်း အတွက် ပေါင် ၈၀သန်း ဝန်းကျင် အထိ တောင်းဆိုနေတာကြောင့် ဟွိုက်လန်းကို ခေါ်ယူဖို့ ကြိုးစားမှုတွေကိုလည်း ရပ်တန့်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် တန်ဟက် က ယခု နွေဈေးကွက် အတွင်းမှာ သူ့ရဲ့ နံပါတ်တစ်ပစ်မှတ် ကစားသမား ဖြစ်တဲ့ အင်္ဂလန် ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သလို ဂိုးသမားနေရာ အတွက် တပည့်ဟောင်း အိုနာနာကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် အသုံးပြုကာ ခေါ်ယူဖို့ စီစဉ်နေတာကြောင့် တိုက်စစ်ပိုင်း အတွက် အရည်အချင်း ရှိသလို ပြောင်းရွှေ့ကြေးလည်း သက်သာတဲ့ တိုက်စစ်မှူးကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပေါ်တူဂီဘက်က သတင်းတွေ အဆိုအရ နည်းပြ တန်ဟက်ဟာ ပေါ်တိုနဲ့ အီရန်တို့ရဲ့ အဓိက တိုက်စစ်မှူး တာရဲမီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး တာရဲမီကလည်း မန်ချက်စတာ ယူနိုက်တက်ကသာ သူ့ကို အမှန်တကယ် ကမ်းလှမ်းလာရင် ယူနိုက်တက်ဆီ ပြောင်းဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း သိရပါတယ်။
အီရန်လက်ရွေးစင် တိုက်စစ်မှူး တာရဲမီက အသက် ၃၀ အရွယ်သာ ရှိသေးသလို သူက ပေါ်တိုအတွက် ပြိုင်ပွဲစုံမှာ ၁၄၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၈၀ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄၉ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပြီး ပေါ်တိုကတော့ တာရဲမီအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိပါတယ်။