ရှေ့က နာမည်ကျော် ဈေးကြီးဂျင်းတွေလို မဖြစ်ဖို့ မန်ယူမှာ သေချာ ရုန်းပြရတော့မယ့် မေဆင်မောင့်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးတိုက်စစ် ကစားသမား မေဆင်မောင့်ကို ပေါင်သန်း(၆၀)နဲ့ခေါ်ယူဖို့ သဘောတူညီမှုရသွားပြီး ပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်း ရင်ဆုံးပေးရမှာဖြစ်သလို ဆုဖလားအောင်မြင်မှုရရင် နောက်ထပ် ပေါင်(၅)သန်း ပေးချေရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟက်ဟာ အခုနွေရာသီ ကာလအတွင်း သူ့ရဲ့အဓိကဦးစားပေးအဖြစ် မေဆင်မောင့်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး အခုအချိန်မှာတော့ သူ လိုချင်တဲ့ ကစားသမားကို ရရှိသွားပါပြီ။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန် လက်ရွေးစင်ကစားသမား မေဆင်မောင့်ဟာ နောက်တစ်ပတ်အတွင်း ယူနိုက်တက်နဲ့ဆေးစစ်မှုခံယူပြီး (၅)နှစ်စာချုပ်,ချုပ်သွားမှာဖြစ်သလို စာချုပ်ပြည့်ရင် နောက်ထပ်(၁၂)လ သက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့ သဘောတူညီချက်ပါဝင်မှာပါ။

ဒါ့အပြင် မေဆင်မောင့်ဟာ ချယ်လ်ဆီးမှာရခဲ့တဲ့ လစာထက် (၃)ဆကျော်ပိုများတဲ့ပမာဏအဖြစ် ယူနိုက်တက်အသင်းမှာ တစ်ပတ်ကို ပေါင်(၂၅၀,၀၀၀)အထိ ရရှိမှာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းမပြနိုင်တဲ့အပြင် စာချုပ်သက်တမ်း(၁)နှစ်သာ ကျန်တော့တဲ့ ကစားသမားတစ်ဦးကို ပေါင်သန်း(၆၀)အထိ ပေးရတာက အရမ်းဈေးကြီးလွန်းတယ်လို့ ဗြိတိန်သတင်းစာ ဒေးလီးမေးလ် က သုံးသပ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ

အရင်ကလည်း နာမည်ကျော်ကစားသမားတွေကို ကြေးကြီးပေး ခေါ်ယူခဲ့ပေမယ့် ထင်သလောက်ခြေစွမ်းမပြနိုင်တဲ့ သက်သေ သာဓကတွေ ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက

ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ လူငယ်ကစားသမားဟောင်း ပေ့ါဘာကို ဂျူဗင်တပ်စ်အသင်းဆီကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး၊ အဲဒီအချိန်က,ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၈၉)သန်းအထိ အသုံးပြုခေါ်ယူခဲ့ပြီး ပေါ့ဘာဟာ ယူနိုက်တက်နဲ့အတူ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေ ရယူနိုင်ခဲ့ပေမယ့် ပရော်ဖက်ရှင်နယ် မပီသတဲ့စိတ်ဓာတ်ကြောင့် ဝေဖန်ခံခဲ့ရသလို (၆)နှစ်အကြာမှာ ပြောင်းရွှေ့ကြေးတစ်ပြားမှ မရဘဲ ယူနိုက်တက်တို့ ပေါ့ဘာကို လက်လွှတ်ခဲ့ရပါတယ်။

၂၀၁၉ ခုနှစ်မှာ ယူနိုက်တက်အသင်းဟာ မက်ဂွိုင်းယားကို လက်စတာအသင်းဆီကနေ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)နဲ့ခေါ်ယူခဲ့ပေမယ့် မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ရာသီအထိ ခြေစွမ်းမပြနိုင်ဘဲ အမှားများခဲ့သလို ဒီနွေရာသီအတွင်း အသင်းနဲ့လမ်းခွဲဖို့ နီးစပ်နေပါပြီ။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက နည်းပြအဲရစ်တန်ဟက်က သူ့တပည့်ဟောင်း အန်တိုနီကို ပေါင်(၈၅)သန်းအထိ ကြေးကြီးပေးခေါ်ယူခဲ့ပြီး အန်တိုနီဟာ (၄၄)ပွဲကစား၊ (၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၃)ကြိမ်သာပြုလုပ်နိုင်တာကြောင့် ပေးရတဲ့ဈေးနဲ့မတန်ဘူးလို့ ဝေဖန်သံတွေထွက်ပေါ်ခဲ့ပါတယ်။

အခုလည်း ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ (၃)ဂိုးသာ သွင်းနိုင်ခဲ့တဲ့ မေဆင်မောင့်ကို ပေါင်သန်း(၆၀)နဲ့ မကြာခင် တရားဝင် ခေါ်ယူတော့မှာဖြစ်ပါတယ်။

အဲဒါကြောင့် မေဆင်မောင့်ဟာ သူ့အရင်က နာမည်ကျော်တွေလို ‘နာမည်ကြီး ထမင်းငတ်’ ဘဝမျိုး မဖြစ်အောင်၊ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ ခြေစွမ်းပြသနိုင်အောင် ကြိုးစားရတော့မှာပါ။