မန်ယူနဲ့ ဆုဖလား အကြီးကြီးတွေ ရယူမယ် ကြုံးဝါးရင်း မိတ်ဆက်လာတဲ့ သရဲနီသစ် မေဆန်မောင့်

မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်မောင့် ကို ချယ်ဆီးအသင်းထံမှ ပေါင် သန်း ၆ဝ နဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် ဒီနွေ ပထမဆုံး ခေါ်ယူမှု အဖြစ် ဒီနေ့မှာ တရားဝင် မိတ်ဆက် ကြေညာသွားခဲ့ပါတယ်။

မန်ယူ ကစားသမားသစ် အဖြစ် စတင်မိတ်ဆက်ပြီးနောက် MUTV နဲ့ အင်တာဗျူးမှာ မေဆန်မောင့် က သူ့ ခံစားချက်တွေကို အခုလို ရင်ဖွင့်ခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

” ကိုယ် ကြီးပြင်းလာခဲ့ရတဲ့ နေရာကနေ ထွက်ခွာရတယ် ဆိုတာ ဘယ်တော့မှ မလွယ်ကူပါဘူး။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ကျွန်တော့် ကစားသမား ဘဝ နောက်စာမျက်နှာ အတွက် ရင်ခုန်စရာ စိန်ခေါ်မှုတွေ ပေးပါလိမ့်မယ်။

ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရဖူးတော့ ကျွန်တော် ပြောင်းရွှေ့မယ့် အသင်းမှာ ဘယ်လောက် တောင့်တင်းတဲ့ လူစာရင်း ပိုင်ဆိုင်ထားလဲ ဆိုတာလည်း သိပြီးသားပါ။ အဓိက ဆုဖလားကြီးတွေ ရယူဖို့ ဒီအုပ်စုထဲမှာ တစိတ်တပိုင်း အဖြစ် ပါဝင်ရမှာ အတွက် မစောင့်နိုင်အောင်ပါပဲ။

အဲရစ်တန်ဟက် လက်အောက်မှာ ဒီကလပ်က ဘယ်လောက် ခြေလှမ်းကြီးတွေနဲ့ တိုးတက်လာနေလဲ ဆိုတာလည်း လူတိုင်း တွေ့မြင်နေကြပါပြီ။ မန်နေဂျာနဲ့ တွေ့ပြီး သူ့ အစီအစဉ်တွေ ဆွေးနွေးခဲ့ရသေးတယ်။ စိတ်လှုပ်ရှားစရာ ရာသီသစ် အတွက် ကျွန်တော် အရမ်းကို စိတ်လှုပ်ရှား ရင်ခုန်နေပြီ။ ဒီမှာ ကြိုးစားပြဖို့လည်း အသင့်ပါပဲ။

ကျွန်တော်က တကယ်ကို ရည်မှန်းချက်ကြီးတဲ့ သူပါ။ အဓိက ဆုဖလားကြီးတွေ ရယူရတာ ဘယ်လောက် အံ့ဖွယ်ကောင်းတဲ့ ဖီလင်လဲ ဆိုတာ ကောင်းကောင်း သိတယ်။ ကျွန်တော် ပိုင်ဆိုင်ထားတဲ့ အရာရာ၊ အတွေ့အကြုံ တွေကို မန်ယူနိုက်တက်ဆီ သယ်ဆောင်လာမှာပါ။ ” လို့ မေဆန်မောင့်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီး ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ပေမယ့် မောင့် ဟာ သက်တမ်းတိုး စာချုပ်သစ် ညှိနှိုင်းလို့ အဆင်မပြေတာကြောင့် ဒီနွေမှာ ကစားသမား ဘဝ စာမျက်နှာသစ် အဖြစ် အသင်းသစ် ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့ပြီ ဖြစ်ပါတယ်။