ဂေါင်းကြီးကို ရောင်း မထွက်တဲ့ အပြင် လစာ တိုးပေးရမယ့် ကိန်းပါ ဆိုက်နေတဲ့ မန်ယူအသင်း
မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနွေရာသီကာလအတွင်း နောက်ခံလူ မက်ဂွိုင်းယားကို ရောင်းချဖို့ ပြင်ဆင်နေပေမယ့် သူ့ကို ခေါ်မယ့်အသင်းမရှိလို့ အခက်ကြုံနေရသလို မက်ဂွိုင်းယားရဲ့ လစာငွေကိုပါ တိုးပေးရမယ့် အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့်(၃)နေရာရခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိထားပြီး အဲဒီအတွက် ကစားသမားတွေကို စာချုပ်ပါ သဘောတူညီချက်အရ ဆုကြေးငွေ ပေးရမှာဖြစ်လို့ မက်ဂွိုင်းယားဟာလည်း အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မက်ဂွိုင်းယားအနေနဲ့ အသင်းပြောင်းမယ်ဆိုရင်တောင် လက်ရှိလစာငွေထက် လျှော့ယူမှ အဆင်ပြေမှာဖြစ်တဲ့အတွက် အပြောင်းအရွှေ့ဖြစ်လာဖို့ ခဲယဉ်းတယ်လို့ ဂါးဒီးယန်း က သုံးသပ်ခဲ့ပါတယ်။
မက်ဂွိုင်းယား ဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ပျောက်ခဲ့ပေမယ့် အင်္ဂလန် လက်ရွေးစင်အသင်းမှာတော့ အဓိကနောက်ခံလူအဖြစ် ပါဝင်ခွင့်ရရှိနေဆဲဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ စပါးနဲ့ဝက်စ်ဟမ်း အသင်းတို့က စိတ်ဝင်စားနေပါတယ်။
ဒါပေမယ့် မက်ဂွိုင်းယားကတော့ ယူနိုက်တက်အသင်းမှာ ဆက်ကစားပြီး ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်သွားဖို့ အသင့်ရှိတယ်လို့လည်း သတင်းထွက်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ၂၀၁၉ ခုနှစ်က မက်ဂွိုင်းယားကို လက်စတာအသင်းကနေ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး သူ့ကို ပြန်ရောင်းမယ်ဆိုရင်တောင် ပေါင်သန်း(၈၀)အထိ ပြန်ရဖို့ မဖြစ်နိုင်ပါဘူး။
ယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟက်ဟာ မကြာသေးခင်က ချယ်လ်ဆီးတိုက်စစ်ကစားသမား မေဆင်မောင့်ကို ပေါင် သန်း(၆၀)နဲ့ ခေါ်ယူခဲ့ပြီး ကစားသမားသစ်တွေကိုလည်း နောက်ထပ်ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။
ဒါပေမဲ့လည်း ဘတ်ဂျက် အနေအထားအရ လက်ရှိကစားသမားတွေကို ရောင်းချပြီးတော့ ငွေရှာသွားမှာဖြစ်ပြီး အဲဒီထဲမှာ မက်ဂွိုင်းယား လည်း ပါဝင်သလို ပေါင်သန်း(၄၀)လောက်ရရင် လက်လွှတ်မှာဖြစ်ပါတယ်။