မန်ယူအသင်းက နောက်ခံလူ မက်ဂွိုင်းယား အတွက် မဖြစ်သင့်တဲ့ ရောင်းဈေး သတ်မှတ်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ခံလူ မက်ဂွိုင်းယား အတွက် မဖြစ်နိုင်တဲ့ပြောင်းရွှေ့ကြေး လိုချင်နေ တာကြောင့် အခုနွေရာသီကာလအတွင်း မက်ဂွိုင်းယားကို ရောင်းချဖို့ အခက်ကြုံမယ့်အနေအထားပါပဲ။
အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင် မက်ဂွိုင်းယားကို ယူနိုက်တက်အသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)နဲ့ခေါ်ယူခဲ့တာပါ။
အသင်းရောက်စ အစောပိုင်းနှစ်တွေတုန်းက ပုံမှန်ပွဲထွက်ခွင့်ရခဲ့သလို နည်းပြဟောင်းဆိုးလ်ရှားက သူ့ကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီ အဲရစ်တန်ဟက်လက်ထက်မှာတော့ မက်ဂွိုင်းယားဟာ (၁၆)ပွဲသာ ပွဲထွက် ကစားခွင့်ရခဲ့ပြီး အရန်ကစားသမားအဖြစ်သာ ကစားခဲ့ရပါတယ်။
အခုနွေရာသီကာလအတွင်း အဲရစ်တန်ဟက်က အသင်းရဲ့ ကစားသမားတချို့ကို ရောင်းချငွေရှာဖို့ ပြင်ဆင်နေပြီး အဲဒီထဲမှာ မက်ဂွိုင်းယားလည်းအပါအဝင်ဖြစ်နေပါတယ်။
ဒါပေမဲ့လည်း ယူနိုက်တက် အသင်းဟာ မက်ဂွိုင်းယားရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၀) လို့ သတ်မှတ် ထား တာကြောင့် သူ့ကို ခေါ်ချင်တဲ့ ကလပ်အသင်းတွေအနေနဲ့ ဒီလောက် ပမာဏပေးဖို့ ဆန္ဒမရှိနိုင်ဘူးလို့ မန်ချက်စတာ ညနေခင်း သတင်းစာက သုံးသပ်ခဲ့ပါတယ်။
မက်ဂွိုင်းယားရဲ့ စာချုပ်သက်တမ်းက (၂)နှစ်ကျန်နေသေးပေမယ့် အဲရစ်တန်ဟက် လက်ထက်မှာ ပုံမှန်ကစားခွင့် ပျာက်ဆုံးနေတဲ့ မက်ဂွိုင်းယားကို ယူနိုက်တက်အသင်းဟာ အခုနွေရာသီအတွင်း အသင်းက ထွက်ခွင့်ပေးသွားဖို့ အသင့်ရှိနေပါတယ်။
အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ရာသီက ခံစစ်မှာ လီဆန်ဒရိုမာတီနက်ဇ်၊ ဗာရန်း၊ လင်ဒီလော့ဖ်တို့ကို အဓိက ဦးစားပေး အသုံးပြုခဲ့သလို လုခ်ရှောကိုလည်း ခံစစ်အတွင်းလူအဖြစ်ပါ ကစားစေခဲ့ပါတယ်။
မက်ဂွိုင်းယားကလည်း သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိရအောင် နည်းပြအဲရစ်တန်ဟက်နဲ့ မကြာခင်တွေ့ဆုံစကားပြောဆိုသွားဖို့ရှိပါတယ်။
အခုနောက်ဆုံးထွက်နေတဲ့ သတင်းတွေအရ အဲရစ်တန်ဟက်ဟာ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားပြီး ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်သွားဖို့ စီစဉ်နေတယ်လို့လည်းသိရပါတယ်။