ဟွိုင်လန်း အတွက် မန်ယူရဲ့ ငွေသား + ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုကတော့ ပယ်ချခံလိုက်ရပါပြီ
မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန်တာ တိုက်စစ်မှူး ဟွိုင်လန်းအတွက် ကစားသမား အလဲအထပ်ဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သော်လည်း ပယ်ချခံခဲ့ရပါပြီ။
အိုနာနာကို ခေါ်ယူရေး ကြိုးစားနေတဲ့ ယူနိုက်တက်ဟာ ဂိုးသမားကို ခေါ်ယူပြီးခဲ့ရင် နွေအသုံးစရိတ် ပေါင် သန်း ၁၀၀ လောက်ကို အသုံးပြုပြီး ဖြစ်နေမှာပါ။ ဒါကြောင့်ပဲ လက်ရှိ ကစားသမားတွေထဲ အချို့ကို ဟွိုင်လန်းကို ခေါ်ယူရေးမှာ ထည့်သွင်းဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဘက်က ဟွိုင်လန်းအတွက် ပြောင်းရွှေ့ကြေး အပြင် ကစားသမား အချို့ကို စာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် ထည့်သွင်းလိုခဲ့တယ်။ ဖရတ်နဲ့ ဗန်ဒီဘိခ်တို့ကို ခေါ်ယူနိုင်ကြောင်း အတ္တလန်တာကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
စီးရီးအေကလပ်ကတော့ သူတို့ ကစားသမားအတွက် ငွေသား သီးသန့်ပဲ ရလိုကာ ကစားသမား အလဲအထပ်ကို စိတ်မဝင်စားပါဘူး။ အသက် ၂၀ အရွယ် တိုက်စစ်မှူးအတွက် သူတို့ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၈၅.၅ သန်း ဖြစ်ပါတယ်။
ဟွိုင်လန်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီအသင်းတို့ပါ ပစ်မှတ်ထားခံနေရသူဖြစ်ကာ လူငယ် တိုက်စစ်သမားကို အိုးထရတ်ဖိုဒ့်ထံ ခေါ်ယူဖို့ ယူနိုက်တက်ဘက်က အခက်အခဲတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ယူနိုက်တက် ဟာ ဟွိုင်လန်းကို မရရင် အခြားသော ပစ်မှတ်အဖြစ် ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ် အသင်းမှ ကိုလို မူအာနီကိုလည်း ချိန်ရွယ်ထားပါတယ်။