အီလန်ဂါ၊ အိုနာနာနဲ့ ဟန်ဒါဆန်၊ ပေါင် ၈၅ သန်း ဈေးခေါ်နေတဲ့ ဟွိုင်လန်းနဲ့ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်က ဟွိုင်လန်း အတွက် ပြောင်းရွှေ့ကြေး + ကစားသမား အလိုက်ပေးမှုနဲ့ ကမ်းလှမ်း ထားသော်လည်း အတ္တလန္တာအသင်းက ပယ်ချထားပြီး ပေါင် ၈၅ သန်းသာ ရလိုကြောင်း အကြောင်းပြန်ထားပါတယ်။

အဲဗာတန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တောင်ပံတိုက်စစ်သမား အီလန်ဂါ အတွက် ပေါင် ၁ဝ သန်းလို့ မန်ချက်စတာ ယူနိုက်တက်က ဈေး သတ်မှတ်လိုက်ပြီး နှစ်သင်းကြား ပြောဆိုဆွေးနွေးနေပါတယ်။

လိဒ်စ်အသင်းနဲ့ခြေစမ်းပွဲမှာ ပုံစံကောင်းပြသနိုင်ခဲ့တဲ့ လူငယ် တိုက်စစ်ကစားသမား နွမ်အမ်မရန်ရဲ့ခြေစွမ်းကို ဆန်ချိုနဲ့ အန်တိုနီ ထက်တောင် သာတယ်လို့ မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေ ချီးကျူးနေကြပါတယ်။ ထိုပွဲမှာ မန်ယူက (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး (၂)ဂိုးစလုံးက အမ်မရန်ကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။

ကင်မရွန်း ဂိုးသမား အိုနာနာ အတွက် အင်တာမီလန်က ပေါင် ၅၁ သန်း အလိုရှိနေပြီး ယူနိုက်တက်နဲ့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ နည်းပြ တန်ဟက်ကတော့ အိုနာနာ အဆင်မပြေရင် ဒင်း ဟန်ဒါဆန် ကို သုံးဖို့ စဉ်းစားနေပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က ကွင်းလယ်လူသစ် မေဆင်မောင့်ဟာ ပြီးပြည့်စုံတဲ့ကစားသမား တစ်ဦးဖြစ်တယ် လို့ လိဒ်စ်အသင်းနဲ့ခြေစမ်းပွဲအပြီးမှာ ချီးကျူးစကားဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းမှာ အငှားနဲ့ ကစားခဲ့တဲ့ ဒတ်ချ်ဝါရင့်တိုက်စစ်မှူးဗက်ဟော့တ်ဟာ ထူးထူးခြားခြား ဆံပင်ကို ငွေရောင်ဆိုး ပုံစံပြောင်းလဲပြီး မိခင်ကလပ် ဘန်လေ အသင်းထံ ပြန်ခဲ့ပေမယ့် ဘန်လေ ပရိသတ်တွေကတော့ အမြင် မကြည် ဖြစ်နေပါတယ်။

အက်သလက်တီကို မက်ဒရစ် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မရေမရာဖြစ်နေတဲ့ တိုက်စစ်မှူး ဂျာအိုဖိလစ်ကို တစ်ရာသီအငှားနဲ့ ခေါ်ဖို့အတွက် ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ မန်ယူ၊ နယူးကာဆယ်နဲ့ ဗီလာတို့ကအပြိုင် စောင့်ကြည့် နေတယ်လို့ သိရပါတယ်။