ဆန်ချို၊ အန်တိုနီတို့ထက် အပုံကြီး သာတယ် ချီးကျူးခံနေတဲ့ မန်ယူ လူငယ်ကြယ်ပွင့်လေး အမ်မရန်
လိဒ်စ်အသင်းနဲ့ခြေစမ်းပွဲမှာ ပုံစံကောင်းပြသနိုင်ခဲ့တဲ့ လူငယ် တိုက်စစ်ကစားသမား နွမ်အမ်မရန်ရဲ့ခြေစွမ်းကို မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေ သဘောကျ ချီးကျူးနေကြပါတယ်။
မန်ယူနိုက်တက် အသင်းဟာ ပထမဆုံးရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ လိဒ်စ်နဲ့ပွဲမှာ (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး (၂)ဂိုးစလုံးက အမ်မရန်ကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒုတိယပိုင်းမှ လူစားဝင်ကစားခွင့်ရခဲ့တဲ့ အမ်မရန်ဟာ ပွဲချိန်(၆၇)မိနစ်မှာ ဟန်ဆန်အော်ရွန် ပေးတာကနေ ဘယ်ခြေနဲ့ ကန်ပြီး အဖွင့်ဂိုးသွင်းခဲ့သလို (၈၁)မိနစ်မှာ အသင်းဖော် တိုက်စစ်မှူးဟူဂယ်လ် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။
အသက်(၂၀)သာရှိသေးတဲ့ ပြင်သစ်လူငယ်တောင်ပံတိုက်စစ် ကစားသမား အမ်မရန်ဟာ ဒုတိယပိုင်းတစ်လျှောက်လုံး ညာခြမ်းကနေ လိဒ်စ်အသင်းခံစစ်ကို အကောင်းဆုံးဒုက္ခပေးခဲ့ပြီး ဘောလုံးဆွဲပြေးမှု၊ တစ်ဦးချင်းစွမ်းရည်တွေကလည်း အားရ ကျေနပ်စရာကောင်းခဲ့ပါတယ်။
အဲဒါကြောင့် ယူနိုက်တက် ပရိသတ်တွေက အမ်မရန်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး စီနီယာအသင်း ကစားသမားနှစ်ဦး ဖြစ်တဲ့ ဆန်ချို၊ အန်တိုနီတို့ထက်တောင် အများကြီး ပိုကောင်းတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေက
‘အမ်မရန်ဆိုတဲ့ကောင်လေးက အန်တိုနီထက်တောင် ပိုကောင်းနေပါလား . .’၊
‘အမ်မရန်ဟာ ဆန်ချိုထက် ကစားပုံ ပိုကောင်းသလိုပဲ . .’၊
‘ဟူဂယ်လ်က ဒုတိယဂိုး သွင်းခဲ့ပေမယ့် အမ်မရန်ရဲ့ တိကျတဲ့ ဘောလုံးပေးပို့ကြောင့် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်’၊
‘ဒုတိယပိုင်းမှာ ယူ-၂၁ ကစားသမားတွေက လိဒ်စ်အသင်းကို အေးအေးဆေးဆေးပဲ ကစားသွားပြီး ခြေစွမ်းပိုင်းမှာလည်း အသာစီးနဲ့ကစားနိုင်ခဲ့တယ်။ ကိုဘီမင်နူးကိုတော့ အကြိုက်ဆုံး။ မေဆင်မောင့်၊ ဒီယာလို၊ ဟန်နီဘယ်လ်၊ အော်ရွန်၊ အယ်လ်ဗာရို ဖာနန်ဒက်ဇ်၊ အမ်မရန်တို့လည်း ခြေစွမ်းပြတယ်’လို့ တွစ်တာ မှာ ရေးသားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက အသက်(၁၆)နှစ်သာရှိသေးတဲ့ အမ်မရန်ကို ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ PSG တို့ထက် လက်ဦးမှုယူပြီးတော့ ပြင်သစ်ကလပ်အာမီယန်အသင်းဆီကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
အမ်မရန်ဟာ ပြီးခဲ့တဲ့ရာသီတွေက ယူနိုက်တက်ယူ-၂၁အသင်းမှာ ကစားခဲ့ရပြီး အခု လိဒ်စ်နဲ့ပွဲမှ ပထမဆုံးအကြိမ် စီနီယာအသင်းအတွက် ကစားခွင့်ရခဲ့သလို နည်းပြအဲရစ်တန်ဟက် စိတ်ကျေနပ်လောက်တဲ့ခြေစွမ်းမျိုးပြသနိုင်ခဲ့ပါတယ်။