အသင်းခေါင်းဆောင် ရာထူး ဖယ်ရှားခံလိုက်ရကြောင်း အသိပေးလာတဲ့ မက်ဂွိုင်းယားရဲ့ စိတ်ပျက် ဝန်ခံလွှာ
မန်ချက်စတာယူနိုက်တက် နောက်ခံလူ မက်ဂွိုင်းယားက သူ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီလို့ စိတ်ပျက်မှုကို ဖုံးမဖိမထားဘဲ ထုတ်ဖော် ဝန်ခံပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်မှာ အနာဂတ် မသေမချာဖြစ်နေသူ မက်ဂွိုင်းယားအနေနဲ့ အသင်းခေါင်းဆောင်ရာထူးကို လက်လွှတ်ရဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်ကတည်းက ထွက်ပေါ်ခဲ့သလို အခု မက်ဂွိုင်းယားကိုယ်တိုင်က အတည်ပြုခဲ့တာဖြစ်ပြီး အရမ်းစိတ်ပျက်မိတယ်လို့လည်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အခုလောလောဆယ် မက်ဂွိုင်းယားဟာ အားလပ်ရက်အတွင်း ပေါ်တူဂီနဲ့ ချယ်လ်ဆီးဂန္ထဝင်နောက်ခံလူ ကာဗယ်လ်ဟိုနဲ့ အတူ လေ့ကျင့်ခန်းပြုလုပ်နေပြီး အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံရတဲ့သတင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Post တင်ပြီးတော့ အတည်ပြုခဲ့ပါတယ်။
မက်ဂွိုင်းယားက သူ့ရဲ့ ဝန်ခံစကားကို အခုလို ရေးသား ဖော်ပြလာတာပါ။
‘ဒီနေ့မှာ နည်းပြအဲရစ်တန်ဟက်နဲ့ စကားပြောဆိုပြီးတဲ့နောက် သူက အသင်းခေါင်းဆောင် အပြောင်းအလဲ လုပ်တော့မယ်လို့ ကျွန်တော့်ကို အသိပေးခဲ့ပါတယ်။ သူက အဲဒီဆုံးဖြတ်ချက်အတွက် ခိုင်မာတဲ့ အကြောင်းပြချက် ပေးခဲ့ပေမယ့် ကျွန်တော်ကတော့ တော်တော်လေး စိတ်ပျက်မိပါတယ်။
ဒါပေမဲ့ ကျွန်တော် အသင်းရဲ့ ဂျာစီဝတ်ဆင်ခွင့်ရတဲ့အချိန်တိုင်း အကောင်းဆုံးဖြစ်အောင် ရာနှုန်းပြည့် ဆက်လက် ပေးဆပ်သွားဦးမှာပါ။
အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခွင့်ရခဲ့တဲ့ အချိန်တွေမှာ ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ်တွေကို အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
အသင်းခေါင်းဆောင်အဖြစ် စတင်ခန့်အပ်ခံခဲ့ရတဲ့ လွန်ခဲ့တဲ့ ၃ နှစ်ခွဲလောက်ကတည်းက ဒီရာထူးဟာ ကျွန်တော့်အတွက် ထူးခြားတဲ့အခွင့်အရေးဖြစ်သလို အရမ်းလည်း ဂုဏ်ယူခဲ့ရပါတယ်။
ယူနိုက်တက်အသင်းကို ကွင်းတွင်း၊ ကွင်းပြင်မှာ အောင်မြင်မှုရအောင် ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ကို အသင်းခေါင်းဆောင်တာဝန်ပေးခဲ့တဲ့ နည်းပြဟောင်းဆိုးလ်ရှားကို အမြဲတမ်းကျေးဇူးတင်နေမှာဖြစ်ပြီး အခု အသင်းခေါင်းဆောင်သစ် ဘယ်သူပဲဖြစ်လာပါစေ၊ ကျွန်တော် ရာနှုန်းပြည့်ထောက်ခံအားပေး သွားမှာဖြစ်သလို အောင်မြင်မှုရယူနိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်’ဆိုပြီး ရေးသားခဲ့ပါတယ်။
မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ ရာသီက ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့ပြီး ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၈ ပွဲသာ ပွဲထွက် ကစားခွင့်ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ တစ်လျှောက်လုံး မက်ဂွိုင်းယား မပါနိုင်ချိန်မှာ ဘရူနိုဖာနန်ဒက်စ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပြီး ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်သစ်ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။