တန်ကြေး အမြင့်ဆုံး ဂိုးသမား စာရင်းဝင် အဖြစ် မန်ယူအသင်းထံ ဒီည ရောက်လာတော့မယ့် အိုနာနာ
နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂိုးသမားအိုနာနာအတွက် မန်ယူနဲ့ အင်တာမီလန်တို့ဟာ သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။
မန်ယူအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုလည်းရထားတဲ့ အိုနာနာဟာ အိုးလ်ထရက်ဖို့ဒ်ကလပ်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုမှာပါ။ ကင်မရွန်းဂိုးသမားအတွက် မန်ယူဟာ အင်တာကို ပေါင် ၄၃ သန်းဝန်းကျင်အပြင် ထပ်ဆောင်းကြေးတွေ ပေးရနိုင်ပါတယ်။
တစ်နည်းအားဖြင့် ၂၇ နှစ်အရွယ် ဂိုးသမားဟာ အဲဒီဈေးနှုန်းအရဆို ဘောလုံးသမိုင်းရဲ့တန်ဖိုးအကြီးဆုံးဂိုးသမား ၅ ယောက်ထဲမှာ တစ်ဦးအပါအဝင်ဖြစ်လာမှာပါ။
လက်ရှိ အချိန်ထိ ဘောလုံးလောကရဲ့တန်ဖိုးအကြီးဆုံး ဂိုးသမားက ကီပါဖြစ်ပြီး ၂၀၁၈-၁၉ ရာသီက ဘီလ်ဘာအိုကနေ ချဲလ်ဆီးကိုပြောင်းခဲ့ရာမှာ သူ့ပြောင်းရွှေ့ကြေးက ယူရိုသန်း ၈၀ ရှိခဲ့ပါတယ်။
ဒုတိယတန်ကြေးအကြီးဆုံး ဂိုးသမားက အယ်လစ်ဆန်ဖြစ်ပြီး အဲဒီ ၂၀၁၈-၁၉ ရာသီမှာပဲ ရိုးမားကနေ လီဗာပူးကိုယူရို ၆၂.၅ သန်းနဲ့ ပြောင်းခဲ့တာပါ။
တတိယတန်ကြေးအကြီးဆုံး ဂိုးသမားက ၂၀၀၁-၀၂ ရာသီမှာ ပါးမားကနေ ဂျူဗင်တပ်ကို ပေါင် ၅၂.၈၈ သန်းနဲ့ ပြောင်းခဲ့တဲ့ ဘူဖွန်ဖြစ်ပါတယ်။
စတုတ္ထကတော့ ၂၀၁၇-၁၈ ရာသီမှာ ဘင်ဖီကာကနေ မန်စီးတီးကို ယူရိုသန်း ၄၀ နဲ့ ပြောင်းခဲ့တဲ့ အီဒါဆန်ဖြစ်ပြီး ပဉ္စမကတော့ ၂၀၁၉-၂၀ ရာသီမှာ ဘာစီလိုနာကနေ ဗလင်စီယာကို ယူရို ၃၅ သန်းနဲ့ ပြောင်းခဲ့တဲ့ဆီလက်ဆန်ပါ။
သတင်းထွက်ပေါ်နေတဲ့ပြောင်းရွှေ့ကြေးအရဆို အိုနာနာဟာ သမိုင်းမှာ စတုတ္ထတန်ကြေးအကြီးဆုံးဂိုးသမားအဖြစ် အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာနိုင်ပါတယ်။
မန်ယူအနေနဲ့ အိုနာနာအပြောင်းအရွှေ့ကို ဒီ တနင်္လာနေ့မှာ ကြေညာမယ်လို့ မျှော်မှန်းထားကြတာပါ။