လူငယ်တွေ ဆက်တိုက် ရောင်းနေခြင်း၊ တန်ဟက်ကို ထောက်ခံတဲ့ ဖာဒီနန်၊ ဒီဂီယာ၊ ဟွိုင်လန်းတို့နဲ့ နောက်ဆုံးရ မန်ယူ သတင်းထူးများ
ဘရူနို ဖာနန်ဒက်ကို အသင်းခေါင်းဆောင်သစ် အဖြစ် ခန့်အပ်ခဲ့တဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူကြောင်း ဖာဒီနန်ကတော့ ထောက်ခံစကား ဆိုလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က စိတ်ဝင်စားကြောင်း သတင်းထွက်နေပေမယ့်လို့ အမရာဘတ်အတွက် ကမ်းလှမ်းမှု မရသေးကြောင်း ဖီအိုရင်တီးနားဘက်က ထုတ်ပြောလာပါတယ်။
ဂိုးသမားသစ် အိုနာနာက ကျောနံပါတ် ၂၄ ကို ဝတ်ဆင်မှာဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် ဘက်က တရားဝင် ကြေညာလိုက်ပါပြီ။

ယူနိုက်တက်လို ဂန္တဝင်ကလပ်ကို ရောက်လာရတာအတွက် ဂုဏ်ယူနေတဲ့ အိုနာနာက သူ့ရဲ့ ကိုယ်ပိုင် အမွေအနှစ်ကို ချန်ထားနိုင်ဖို့ထိ ကြိုးစားမယ်လို့ ကတိပေးလာပါတယ်။
အင်တာမီလန်ဟာ အိုနာနာနေရာ အစားထိုးဖို့ ဒီဂီယာကို ကမ်းလှမ်းခဲ့ပေမယ့် စပိန်သား ဂိုးသမားက လာလီဂါဘက် ပို သွားချင်တာကြောင့် အင်တာအား ငြင်းဆန် ပယ်ချသွားပါတယ်။
မန်ယူနိုက်တက် ပစ်မှတ် ဖြစ်တဲ့ တိုက်စစ်မှူးလေး ဟွိုင်လန်း ရဲ့ အတ္တလန်တာ အသင်း နည်းပြ ကတော့ ဒိန်းမတ်သားလေး ဟာ နောက်ရာသီ စီးရီးအေမှာ ဆက်ရှိနေမလား ဆိုတာ သူ သေချာမပြောနိုင်ကြောင်း ၊ ဒါပေမယ့် ဟွိုင်လန်း ဟာ ဈေးပေါတဲ့ ကစားသမားမဟုတ်ဘူး ဆိုတာကိုတော့ သူသေချာပေါက် ပြောဆို နိုင်ကြောင်းတို့ကို ဖြေဆိုသွားခဲ့ ပါတယ်။
မန်ယူနိုက်တက် တောင်ပံ ကစားသမား အန်တိုနီ အီလန်ဂါ ကတော့ အဲဗာတန် အသင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချ သွားခဲ့တယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းရဲ့ လူငယ် ကွင်းလယ် ကစားသမားလေး ဇီဒန်း အစ်ဘဲလ်ကို အူထရက်အသင်းဆီ ရောင်းချခဲ့အပြီးမှာ နောက်ထပ် လူငယ် ကစားသမားလေးဖြစ်တဲ့ ကွင်းလယ်လူ ချာလီ ဆာဗေ့ချ်ကိုပါ ရက်ဒင်းအသင်းဆီ ရောင်းချဖို့ သဘောတူညီလိုက်ပါတယ်။