မန်ယူနဲ့ တဲလက်စ် ကို ခုတမျိုး တော်ကြာတမျိုးနဲ့ Play နေတဲ့ အယ်နက်ဆာ အသင်း

ဆော်ဒီကလပ် အယ်လ်နာဆာဟာ ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှုရရှိပြီးမှ လက်ရှိမှာ အဆိုပါ ကမ်းလှမ်းမှုကို ပြန်လည်ရုပ်သိမ်းဖွယ်ရှိကြောင်း သတင်းတွေက ဆိုပါတယ်။ အယ်လ်နာဆာဟာ တဲလက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို (၄) သန်း ပေးဖို့ ပြင်ဆင်ထားတာပါ။

ကစားသမားနဲ့လည်း သဘောတူညီမှု ရရှိထားပြီးဖြစ်ပြီး အယ်လ်နာဆာဂျာစီနဲ့ တဲလက်စ်ကို မြင်တွေ့ခွင့်ရပြီးမှ အပြောင်းအရွှေ့က ပျက်ပြယ်မလို ဖြစ်နေခဲ့တာပါ။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အယ်လ်နာဆာဟာ တဲလက်စ် အစား အခြားသော ဘယ်နောက်ခံလူကိုသာ ရှာဖွေနေပြီလို့ သိရှိရပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

တဲလက်စ်ဟာ အယ်လ်နာဆာမှာ တစ်နှစ်လုပ်ခ ပေါင် (၇) သန်း ရရှိဖို့အတွက်လည်း အယ်လ်နာဆာနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီထားပြီးဖြစ်ပါတယ်။

တဲလက်စ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာ ပေါ်တိုကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင် (၁၅.၄) သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက်အတွက် သူ့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုး၊ အနိုင်ဂိုးက ပရိသတ်တွေကြားမှာ အမှတ်ရစရာ အဖြစ် ရှိနေပါတယ်။

တဲလက်စ်ဟာ တန်ဟက် လက်ထက်မှာတော့ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး ပြီးခဲ့တဲ့ရာသီမှာတော့ ဆီဗီလာကို အငှားနဲ့ သွားကစားခဲ့ပါတယ်။ ဆီဗီလာကလည်း အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် တဲလက်စ်ကို အပြီးသတ် ခေါ်ယူဖို့ ခက်ခဲနေပြီး ယူနိုက်တက်ကလည်း အဆိုပါ ဘရာဇီးဘယ်နောက်ခံလူကို အရောင်း စာရင်း တင်ထားပါတယ်။

ယူနိုက်တက်ဟာ အသက် (၃၀) အရွယ် နောက်ခံလူ အဲရစ်ဘာယီကိုလည်း အရောင်းစာရင်းတင်ထားပြီး အဆိုပါ နောက်ခံလူကို ခေါ်ယူဖို့အတွက် ဆော်ဒီကလပ်တွေကပဲ စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ တဲလက်စ်ကို ဆော်ဒီဘက်က ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်လာတုန်းက ပျော်ရွှင်နေ ခဲ့ပေမယ့် အခုချိန်မှာတော့ ဒီအပြောင်းအရွှေ့က မရေမရာဖြစ်လာခဲ့တာပါ။