ကမ္ဘာပေါ်က ဘယ်အသင်းကို မဆို မန်ယူက အနိုင်ကန်နိုင်တယ်လို့ ကြွေးကြော်လာတဲ့ နည်းပြ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ လက်ရှိ လုပ်အားနှုန်းကို မြှင့်တင်ပြီး လုပ်နိုင်စွမ်း မြင့်လာတာနဲ့အမျှ ကမ္ဘာပေါ်က ဘယ်အသင်းကိုမဆို အနိုင်ယူပြလို့ရတယ် လို့ မန်ယူနည်းပြ အဲရစ်တန်ဟတ်က ကြွေးကြော်လိုက်ပါတယ်။

ယူနိုက်တက် ဟာ ဇူလိုင်လ ၂၃ ရက်၊ မြန်မာစံတော်ချိန် နံနက် (၃း၃၀) အချိန်မှာဆိုရင် ပရီးမီးယားလိဂ် မဟာပြိုင်ဘက်ကြီး အာဆင်နယ်အသင်းနဲ့ ခြေစမ်းပွဲ ကစားရတော့မှာ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ယူဟာ ဒီနွေရာသီမှာ အာဆင်နယ်လောက် ငွေ သုံးမကြမ်းသလို ကစားသမား အင်အား ဖြည့်တင်းမှု အပိုင်းမှာလည်း လန်ဒန် ကလပ်လောက် ခြေမသွက်ခဲ့ပါဘူး။

ဒါပေမဲ့လည်း မန်ယူဟာ လက်ရှိခြေစွမ်းကို ထိန်းထားပြီး လုပ်အားနှုန်းကိုသာ မြှင့်လိုက်မယ်ဆိုရင် ဘယ်အသင်းကို မဆို အပြတ်အသတ် အနိုင်ယူပြလို့ရတယ်လို့ တန်ဟတ်က အာဆင်နယ်နဲ့ ကစားမယ့် ပွဲမတိုင်ခင်မှာ ပြောသွားခဲ့တာပါ။

“ကျွန်တော်တို့ လုပ်နိုင်စွမ်းကို မြှင့်ရမယ်။ ဒါပေမဲ့ လုပ်အားနှုန်းကို မြှင့်နေတဲ့ အချိန်မှာတော့ ပြတ်သားတဲ့ ရလဒ်တွေ ရမှာပဲဖြစ်တယ်လို့ အမြဲတမ်း မျှော်လင့်လို့ မရပါဘူး။ ဟုတ်တယ်။

ကျွန်တော်တို့ ပွဲတိုင်းကို အနိုင်လိုချင်တယ်။ ကမ္ဘာပေါ်က အသင်းတိုင်းကို အနိုင်ယူလို့ရတယ်ဆိုတာကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကျွန်တော်တို့ လုပ်ပြ နိုင်ခဲ့ပြီးပါပြီ။

အခုကျွန်တော်တို့ အသင်းအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်သွားဖို့ပဲ လိုတော့တယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အန္နိမရည်မှန်းချက် တစ်ခု လည်း ဖြစ်တယ်။ ပိုပြီးတော့ကို တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ပေါ့။

အဲဒီနောက် ကျွန်တော်တို့မှာ ဘာတွေ ရှိနေပြီလဲဆိုတာ ကြည့်မယ်လေ။ မြင့်မားတဲ့ အဆင့်အတန်း တစ်ခုမှာ ကျွန်တော်တို့ ကစားချင်တယ်။ လုပ်နိုင်စွမ်းကို မြှင့်မယ်။

မျှော်လင့်ချက်ကို မြင့်မြင့်ထားမယ်။ အဲဒီနောက် ကျွန်တော်တို့ ဘာဖြစ်လာမလဲဆိုတာကို ကြည့်မယ်။ ပြိုင်ပွဲဆိုတာမျိုးက တကယ့်ကို ခက်ထန်ကြမ်းတမ်း ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က အသင်းတိုင်းကို ကျွန်တော်တို့ အပြတ်ဖြုတ်လို့ ရပါတယ် ” လို့ တန်ဟတ်က ပြောသွားခဲ့တာပါ။

နည်းပြတန်ဟတ်ရဲ့ မန်ယူ အသင်းဟာ လက်ရှိအချိန်မှာ အမေရိကန်ပြည်ထောင်စုကို ရောက်နေပြီး ကမ္ဘာ့ထိပ်သီးအသင်းကြီးတွေ ဖြစ်ကြတဲ့ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ ဒေါ့မွန်တို့နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် မန်ယူဟာ အမေရိကန် ဝေးလ်ကလပ်အသင်းငယ်တစ်ခုဖြစ်တဲ့ ဝရက်စ်ဟမ်းအသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲကိုလည်း အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာပဲ စီစဉ်ထားပါတယ်။