မင်းတို့လား သန်း ၂ဝဝ ကျော် သုံးထားတာ လို့ မေးပြီး အာဆင်နယ် ကို နှစ်ထပ်ကွမ်း အနိုင်ယူပစ်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်
ဒီနေ့ နံနက် အစောပိုင်းမှာ ကစားသွားတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်တို့ ခြေစမ်းပွဲကတော့ သရဲနီတို့ အတွက် နှစ်ထပ်ကွမ်း အနိုင်နဲ့ မျက်နှာပန်းလှခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ မန်ယူအသင်းက ဂိုးသမား ဟီတန်၊ ခံစစ်မှာ ဗာရွန်း၊ မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မိုင်နူး၊ မေဆန်မောင့်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ဆန်ချိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အာဆင်နယ်တို့ကတော့ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ တင်းမ်ဘားနဲ့ တိုမီယာစုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဟာဗတ်ဇ်နဲ့ အော်ဒီဂွါဒ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကို တွဲဖက်ပေးခဲ့တာပါ။
ပွဲစတာနဲ့ အာဆင်နယ်တို့ ဘောလုံးကိုင်ကစားခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို မာတီနယ်လီရဲ့ ဂိုးဝင်နိုင်တဲ့ အပိုင်ကန်ချက်ကိုလည်း နကီးတီးယားက ဂိုးရှေ့မှာ ပိတ်ဆို့သွားခဲ့လို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရပြီး ဟာဗတ်ဇ်ရဲ့ နေရာယူပုံတွေကလည်း နံပါတ် ၈ မဆန်ဘဲ ရှေ့ချည်း တက်နေလို့ ဘောလုံးတောင် သိပ်မထိခဲ့ချိန်မှာ သူ့နေရာကို ရိုက်စ်က တက်ဖြည့်နေရလို့ ဟာကွက်တွေက ကြီးမားနေခဲ့ပါတယ်။
မန်ယူတို့ကတော့ ခံစစ်ကနေ လွတ်တာနဲ့ ကန်တင်ဖို့ လုပ်နေခဲ့ပြီး ဒါကို နားမလည် နကီးတီးယား ဦးဆောင်တဲ့ တိုက်စစ်က ပိတ်ဆို့ဖို့ မလုပ်နိုင်ခဲ့သလို သူနဲ့ ဟာဗတ်ဇ်တို့ စတင်ရမယ့် ပထမဆုံးခံစစ်လိုင်းက အဆင်မပြေခဲ့ချိန်မှာ နောက်က အလယ်တန်းနဲ့ ပူးပေါင်းမှုဖြစ်တဲ့ Pressing Shape ပါ ပျက်သွားခဲ့ပြီး ဒီကနေ ဂိုးတွေ ပေးခဲ့ရတာပါ။
ပွဲချိန် မိနစ် ၃၀ မှာ ပထမဂိုးကို မန်ချက်စတာသားတွေ သွင်းယူသွားခဲ့ကြပြီး ညာခြမ်းကနေ ဘောလုံးရလာတဲ့ မိုင်နူးက ခင်းပေးတာကို ဝင်ဖျက်မယ့် အာဆင်နယ်ကစားသမားတွေ မရှိတာကို အခွင့်ကောင်း ယူနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က အတားအဆီးမရှိ တောက်လျှောက်ဆွဲလာပြီး ဧရိယာထိပ်ကနေ ကန်သွင်းခဲ့ရာမှာ ကာကွယ်ပုံ နှေးကွေးတဲ့ ဂိုးသမား ရမ်းစ်ဒေးလ်ကြောင့် လက်နဲ့ထိပြီး ဂိုးဝင်သွားခဲ့ပါတယ်။
ပွဲချိန် ၃၇ မိနစ်မှာတော့ မန်ယူတို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ခံစစ်က ကန်တင်လိုက်တဲ့ ဘောလုံးကို အကျရှင်းထုတ်ရာမှာ ခြေထောက်နဲ့ မထိဘဲ ဘောချော်သွားတဲ့ ဂါဘရီယယ်လ်ရဲ့ ရောင်းချမှုကြောင့် လွတ်ထွက်သွားခဲ့တဲ့ အထောင်တိုက်စစ်မှူး ဆန်ချိုက ဧရိယာထဲအထိ ဆွဲဝင်ပြီးမှ ညာခြမ်းကနေ အပြင်းကန်သွင်းရာမှာ ရမ်းစ်ဒေးလ်တစ်ယောက် ကူကယ်ရာမဲ့ဖြစ်ခဲ့ရတာပါ။
အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ အရင်ရာသီက ပုံစံကို လုံးဝ ပြန်မရနိုင်သေးတာကြောင့် ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပြီး ဇင်ချန်ကို မပါနိုင်လို့ ကွင်းလယ်ဘယ်ခြမ်းမှာ လွတ်နေတဲ့ ကွက်လပ်ကို ဘယ်သူမှ မဖြည့်ဆည်းနိုင် ခဲ့တာက သိသာလွန်းခဲ့တာကြောင့် ဒုတိယပိုင်း ပြန်အစမှာ တိုမီယာစုအစား တီယာနီကို ထည့်သွင်းပြီး အပြောင်းအလဲ လုပ်လာခဲ့ပါတယ်။
မန်ယူတို့ကတော့ ပထမပိုင်းမှာ နိုင်နေပြီဖြစ်လို့ ဝန်ဘစ်ဆာကာ၊ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ လုခ်ရှော၊ မိုင်နူး၊ ဘရူနို ဖာနန်ဒက်စ်၊ ဆန်ချို၊ မေဆန်မောင့်၊ ဂါနာချိုနဲ့ အန်တိုနီတို့ကို ဒါလော့၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဘရန်ဒန် ဝီလီယမ်စ်၊ ကာစီမီရို၊ မက်တော်မီနေး၊ အဲရစ်ဆန်၊ ရက်ရှ်ဖို့ဒ်၊ အာမက် ဒီယာလိုနဲ့ ဖော်ဆန်တို့နဲ့ ဂိုးသမားကလွဲလို့ လူစားလဲပစ်ခဲ့တာပါ။
အာဆင်နယ်တို့ကတော့ ပွဲတဝက်လောက် ရောက်မှ ရိုက်စ်၊ ဟာဗတ်ဇ်၊ ဆာကာ၊ မာတီနယ်လီ၊ တင်မ်ဘာ၊ ဆာလီဘာ၊ နကီးတီးယားတို့အစား ဂျော်ဂျင်ညို၊ စမစ်ရိုး၊ ဂျေဆူးစ်၊ ပါတေး၊ ဘန်ဝှိုက်၊ ထရော့ဆတ်နဲ့ ဖာဘီယို ဗီယာရာတို့ကို လူစားလဲကစားပြီး ဘောလုံးကိုင်ကစားခဲ့ပေမယ့် ထိရောက်မှု မရှိဘဲ နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲသိမ်းခဲ့ပါတယ်။
အမေရိကန်တွေရဲ့ အူကြောင်ကြောင် ထုံးစံအရ အဖြေပေါ်နေတဲ့ ပွဲကိုလည်း ပင်နယ်တီ ကန်ခဲ့ရပါသေတယ်။
ပင်နယ်တီ မှာတော့ မန်ယူတို့ဘက်က ကာစီမီရို၊ ဒါလော့၊ လင်ဒီလော့ဖ်၊ ရက်ရှ်ဖို့ဒ်နဲ့ အဲရစ်ဆန်တို့ အားလုံးဝင်ခဲ့ပြီး အာဆင်နယ်တို့ဘက်ကတော့ အော်ဒီဂွါဒ်၊ ထရော့ဆတ်နဲ့ ဂျော်ဂျင်ညိုတို့သာ ဝင်ပြီး ဖာဘီယို ဗီယာရာကတော့ ထောင်ကန်ပစ်ခဲ့တာမို့ ရှိစုမဲ့စု ဂုဏ်သိက္ခာလေး မဆည်နိုင်တော့ဘဲ ၂ဆင့်တောင် ရှုံးခဲ့ရတာပါ။
စာရင်းချုပ်လိုက်ချိန်မှာတော့ မန်ယူတို့က အာဆင်နယ်တို့ကို ပွဲချိန်တွင်းမှာ နှစ်ဂိုး-ဂိုးမရှိ၊ ပင်နယ်တီမှာ ငါးဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့သွားခဲ့ပြီး ပေါင်သန်း ၂၀၀ ကျော် သုံးထားတဲ့ ပြိုင်ဘက်တွေကို ပွဲစဉ်တစ်ပွဲတည်းမှာ နှစ်ထပ်ကွမ်း အနိုင်တီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။