တူချယ်ရဲ့ ပေါက်ကွဲမှုများ၊ ကိုင်ဟာဗက်ဇ်၊ မောင့်၊ ဟာဇက်တို့နဲ့ ယနေ့ည ချဲလ်ဆီး သတင်းတိုများ

နောဝစ်ချ်အသင်းဟာ ညကပွဲမှာ ဘရန့်ဖို့ဒ်ကို နိုင်ခဲ့သော်လည်း နည်းပြ ဖာကီ ထုတ်ပယ်ခံခဲ့ရပြီး ဖရန့် လမ်းပတ်ဟာ နောဝစ်ချ် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။ လမ်းပတ်ဟာ ချဲလ်ဆီးနဲ့ လမ်းခွဲပြီးတည်းက အသင်းလက်မဲ့ ဖြစ်နေပါတယ်။

ချဲလ်ဆီး တောင်ပံတိုက်စစ်သမား အိုဒွိုင်းရဲ့ ဖန်တီးနိုင်မှု အစွမ်းကို ဘန်လေနဲ့ ပွဲမှာ မြင်ခဲ့ရပြီး ထိုပွဲမှာ အခွင့်အရေး ကောင်း ၅ ကြိမ်ထိ ဖန်တီးသွားခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်က ဘန်လေကို သရေကျခဲ့တာ အတွက် စိတ်ပျက်နေပြီး ဘန်လေရဲ့ကစားပုံကို ဝေဖန်ခဲ့ပါတယ်။ ဘန်လေဟာ ဘောလုံးကစားချင်တဲ့အသင်း မဟုတ်ကြောင်း၊ မိမိတို့အနေနဲ့ အခွင့်အရေးများစွာ ရခဲ့ပေမဲ့ တစ်ဂိုးသာသွင်းနိုင်ခဲ့ကြောင်း ဟာဗက်ဇ်က ဆိုခဲ့ပါတယ်။

ကွင်းလယ်တိုက်စစ်သမား မေဆန်မောင့်ဟာ အံဆုံး ပေါက်နေတာ ဖြစ်ပြီး နာကျင်မှုကြောင့် အစား ကောင်းကောင်း မစားနိုင်ကြောင်း၊ ဒါကြောင့် ရာနှုန်းပြည့် အသင့် ဖြစ်မနေတာကြောင့် ဘန်လေနဲ့ပွဲမှာ မပါဝင်ခဲ့တာ ဖြစ်ကြောင်း တူချယ်က ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ လော့တပ်ချိစ်က သူ့အနေနဲ့ လက်ရှိအချိန်မှာ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံး ခံစားချက်ကို ရရှိနေကြောင်း၊ လက်ရှိမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရလည်း သန်မာနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

လိဂ်ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်အသင်းမှ ကြယ်ပွင့် ကစားသမား ကာဗယ်ဟိုကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ချဲလ်ဆီး ပါဝင်လာကြောင်း သိရပါတယ်။ ၎င်းကို ရီးရဲကလည်း အဓိကပစ်မှတ်ထားနေပြီး ကာဗယ်ဟို ကလာမဲ့နှစ်မှာ အသင်းပြောင်းဖွယ် ရှိနေတာပါ။

ချဲလ်ဆီး တိုက်စစ်သမားဟောင်း ရီးရဲလ်ကြယ်ပွင့် အီဒင် ဟာဇက်ကို မန်ချက်စတာ ယူနိုက်တက်က ဇန်နဝါရီမှာ ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ အစောပိုင်း သတင်းများမှာ မန်ယူက ရီးရဲလ် မေးမြန်းမှုကို ငြင်းပယ်ခဲ့တယ်လို့ ဖော်ပြခဲ့ကြတာပါ။

ဘန်လေအသင်း သရေရတာ ကံကောင်းခဲ့တယ်ဆိုတဲ့ ချဲလ်ဆီးနည်းပြ တူချယ်ရဲ့မှတ်ချက်စကားကို ဘန်လေ နည်းပြ ဒိုက်ချီက “ကျွန်တော်တို့က ကံကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်”လို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

ဘန်လေနဲ့ ပွဲမှာ ဂိုး အပိုင် အခွင့်အရေး တစ်ခုကို လွဲချော်ခဲ့သော်လည်း ရော့စ် ဘာကလေဟာ စွမ်းဆောင်ရည် ကောင်းမွန်ခဲ့တယ်လို့ နည်းပြ တူချယ်က ချီးကျူးခဲ့ပါတယ်။