အာဆင်နယ်နဲ့ ပွဲမှာ သူ ဘာလို့ ပင်နယ်တီ မကန်သလဲ ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ မက်ဂွိုင်းယား

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မက်ဂွိုင်းယားဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲတုန်းကလို အဖြစ်မျိုး ထပ်မဖြစ်အောင် အာဆင်နယ်နဲ့ရာသီကြိုပွဲက ပင်နယ်တီအဆုံးအဖြတ်မှာ ပါဝင်ဆင်နွှဲမှုမလုပ်ခဲ့ပါဘူး။

အသက် ၃၀ အရွယ် ကစားသမားဟာ အမေရိကန်နိုင်ငံ၊ နယူးဂျာစီက အဲဒီပွဲမှာ ဒုတိယပိုင်းရောက်မှ လူစားဝင် လာခဲ့တာပါ။ သူနဲ့လင်ဒီလော့ဖ်တို့ဗဟိုခံစစ်အတွဲဟာ ရာသီကြိုမှာ မန်ယူဂိုး မပေးရသေးတာကို ဆက်ထိန်းနိုင်အောင် ဒုတိယပိုင်းမှာ စွမ်းဆောင်ပေးခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ယူက ပထမပိုင်းဂိုးတွေနဲ့ နိုင်ခဲ့တယ် ဆိုပေမယ့် ဘယ်လိုရလဒ်ပဲထွက်ထွက် ပင်နယ်တီအဆုံးအဖြတ် ကန်မယ်လို့ ပွဲမကန်ခင်ကတည်းက အကြိုသဘောတူထားတာပါ။

ပင်နယ်တီ ကန်တော့ မန်ယူဘက်က ကန်သွင်းရတဲ့ ၅ ကြိမ်စလုံးဂိုးဝင်ခဲ့ပြီး အာဆင်နယ်ကတော့ ၃ ကြိမ်သာဂိုးဝင်ခဲ့လို့ အဲဒီမှာလည်း ၅-၃ နဲ့ မန်ယူနိုင်ခဲ့ပြန်တယ်။

ပင်နယ်တီ မှာ မန်ယူအတွက် ကန်ပေးခဲ့ကြသူတွေကတော့ ကက်စမဲရိုး၊ ဒါလော့၊ လင်ဒီလော့ဖ်၊ ရက်ရှ်ဖို့ဒ်နဲ့ အဲရစ်ဆင်တို့ပါ။ ပွဲပြီးတော့ ဆိုရယ်မီဒီယာထက်မှာ ဘာကြောင့် ပင်နယ်တီဝင်မကန်လဲလို့ အမေးခံရတော့ မက်ဂွိုင်းယားက အခုလိုဖြေပါတယ်။

”ကင်မရာပျက်စီးအောင် မလုပ်ချင်လို့ပါ”လို့ မက်ဂွိုင်းယားက ပြန်ဖြေခဲ့တာပါ။

သူက လွန်ခဲ့တဲ့ ၂ နှစ် အီတလီနဲ့ပင်နယ်တီအဆုံးအဖြတ်တုန်းက ကန်ခဲ့တာကို ရည်ညွန်းခဲ့ပါတယ်။ အဲဒီတုန်းက ဝင်ဘလေဗိုလ်လုပွဲမှာ မက်ဂွိုင်းယားဟာ ပင်နယ်တီအဆုံးအဖြတ်က ဒုတိယအလုံးကို ကန်ခဲ့ပြီး ဂိုးအပေါ်ထောင့်ထဲကန်တဲ့ သူ့ကန်ချက်က ပြင်းလွန်းလို့ ဂိုးအတွင်းပိုင်းရုပ်သံကင်မရာတောင် ကျိုးသွားပါတယ်။

အဲဒါကြောင့်လည်း Live မှာ ခဏကြာ ဘာမှမပေါ်တဲ့ စခရင်ဖြစ်သွားကာ ရုပ်သံစီစဉ်သူက တခြားကင်မရာတစ်ခုကို ချက်ချင်းပြောင်းခဲ့ရတာပါ။

မက်ဂွိုင်းယားဟာ မန်ယူရဲ့နိုင်ပွဲကို အင်စတာဂရမ်မှာ ပု့ိစ်တင်တော့ ပရိသတ်တစ်ယောက်မေးတာကို အခုလို ချက်ချင်းလက်ငင်းပြန်ဖြေတာဖြစ်ပါတယ်။