သန်း ၁ဝဝ ကျော်တန် ဒီကလန်ရိုက်စ်ကို လှုပ်မရအောင် ထိန်းပြခဲ့တဲ့ ဆယ်ကျော်သက် မန်ယူကြယ်ပွင့်လေး
ပြီးခဲ့တဲ့ တနင်္ဂနွေ မနက်က ကစားသွားတဲ့ အာဆင်နယ်နဲ့ပွဲက မန်ယူကွင်းလယ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူဟာ အသက် ၁၈ နှစ်သာရှိသေးတဲ့ ကော့ဘီမိုင်နူးပါ။
ကွင်းလယ်မှာ စိုးမိုး ကစားနိုင်ခဲ့တဲ့ ၁၈ နှစ်အရွယ် ပြိုင်ဘက်ကစားသမားလေးကြောင့် ဒီနွေမှာ အာဆင်နယ်ကို ပေါင် ၁၀၅ သန်းနဲ့ရောက်လာတဲ့ ဒီကလန်ရိုက်စ်ဆို ပွဲချိန်တစ်ခုမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အမူအယာပြခဲ့ပါတယ်။
အဲဒါကြောင့်လည်း ဆိုရှယ်မီဒီယာထက်က ပရိသတ်တွေက မိုင်နူးဟာ ဒီကလန်ရိုက်ကို အိပ်ကပ်ထဲ ထည့်နိုင်ခဲ့တာလို့ ဟာသလုပ်နေကြတာပါ။ မန်ယူပရိသတ်တွေကလည်း အဲဒီပွဲက မိုင်နူးရဲ့ခြေစွမ်းကို အထူးချီးကျူးခဲ့ကြပါတယ်။

ယူနိုက်တက်ရဲ့ဆယ်ကျော်သက်အရွယ်ကစားသမားဟာ ရာသီကြိုက မန်ယူဗဟိုကွင်းလယ်မှာ ပွဲတိုင်းခြေစွမ်းပြနေပါတယ်။
မန်ယူအသင်းကြီးအတွက် သူပွဲဦးထွက်ခဲ့တာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ကစားခဲ့တဲ့ ချာလ်တန်နဲ့ပွဲမှာပါ။ အဲဒီနောက် သိပ်မကြာခင်မှာပဲ လက်စတာနဲ့ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ်ပွဲကို သူကစားခွင့်ရခဲ့ပါတယ်။
မိုင်နူးဟာ ဒဏ်ရာရသွားလို့ ပြီးခဲ့တဲ့နှောင်းပိုင်းကို လွဲခဲ့ရပြီး နို့မို့ဆို ပိုပြီးအခွင့်အရေးပေးခံရနိုင်တာပါ။ ဒီနွေမှာလည်း နည်းပြတန်ဟက်က မိုင်နူးကို အငှားချမှာ မဟုတ်ဘူးလို့ အသင်းတာဝန်ရှိသူတွေကို ပြောထားပါတယ်။
အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ဒီရာသီကြိုက မန်ယူရဲ့ ပွဲတိုင်းမှာ ပွဲထွက်ပါဝင်နိုင်ခဲ့တာပါ။ အသင်းခေါင်းဆောင်သစ် ဖာနန်ဒက်ဇ်ကတောင် မန်ယူအသင်းရုပ်သံမှာ မိုင်နူးကို ချီးကျူးမှုလုပ်ထားပါတယ်။
အသက် ၉ နှစ်ကတည်းက မန်ယူ အကယ်ဒမီကိုရောက်နေသူဟာ အခုတော့ အသင်းကြီးအတွက် တောက်ပဖို့ အသင့်ဖြစ်နေပါပြီ။