ယူရို သန်း ၁ဝဝ ဈေးကပ်ထားတဲ့ ဟွိုင်လန်း အတွက် မန်ယူက ပေးနိုင်မယ့် နောက်ဆုံး တန်ကြေး ထွက်ပေါ်
အတ္တလန်တာ တိုက်စစ်သမား ဟွိုင်လန်းအတွက် စီးရီးအေကလပ် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၁ဝဝ (ပေါင် ၈၆ သန်း) ထိ ပေးမှာ မဟုတ်ကြောင်း မန်ချက်စတာ ယူနိုက်တက်က ငြင်းဆန်ထားပြီ ဖြစ်ပါတယ်။
ဒီနွေမှာ ဟယ်ရီကိန်းကို ခေါ်ယူရေး ယူနိုက်တက်တို့ အဓိက ကြိုးစားပေမယ့် စပါးဘက်က ရောင်းထုတ်ပေးဖို့ ငြင်းဆန်နေတာကြောင့် အသက် ၂၀ အရွယ် ဒိန်းမတ် တိုက်စစ်သမားဘက်ကို ဦးလှည့်လာခဲ့တာပါ။ ဒီအပတ်တွေ အတွင်း ယူနိုက်တက်က တိုက်စစ်သမားအတွက် စကားပြောနေခဲ့ပြီး ဖြစ်ပါတယ်။
တိုက်စစ်မှူး တစ်ဦး အလျင်လိုနေပေမယ့်လို့ ဟွိုင်လန်းအတွက် ယူနိုက်တက်ဘက်က ပေးမယ့် နောက်ဆုံးဈေးက ပေါင် သန်း ၆၀ သာ ဖြစ်ပြီး ၎င်း ထက် ပိုပေးမှာ မဟုတ်ပါဘူး။ အတ္တလန်တာဘက်က ဒိန်းမတ်သားကို ခေါ်ယူနိုင်ဖို့ ပေါင် ၁၅ သန်းပဲ သုံးခဲ့ရတာ ဖြစ်ပါတယ်။
အတ္တလန်တာဘက်က ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းကို လုံးဝ မလျော့ပေးဘူးဆိုရင် ယူနိုက်တက်ဟာ သီးခြား ပစ်မှတ်တွေကို ရှာဖွေသွားမှာ ဖြစ်ပါတယ်။ ရာသီစတည်းက တိုက်စစ်သမား တစ်ဦး ခေါ်ယူလိုနေတဲ့ ယူနိုက်တက်ဟာ ဒီနွေမှာ အသုံးစရိတ် ပေါင် ၁၁၀ သန်း ထုတ်ထားပါပြီ။
FFP စည်းမျဉ်းအရ ယူနိုက်တက်ဟာ ဒီနွေမှာ အသုံးစရိတ် အများကြီး ထုတ်ခွင့် မရပါဘူး။ ဒါကြောင့် ကစားသမား ရောင်းချမှု အချို့ကိုလည်း ပြုလုပ်နေရပြီး အီလန်ဂါကို နော်တင်ဟမ် ဖောရက်စ်ထံ ပေါင် ၁၅ သန်းဖြင့် ထွက်ခွင့် ပေးထားတာ ဖြစ်ပါတယ်။