ဒီဂီယာကို ဘယ်ပွဲစဉ်ကြောင့် နည်းပြ တန်ဟက် စိတ်အပျက်ကြီး ပျက်သွားကာ အိုနာနာကို ခေါ်ခဲ့တာလဲ ပေါ်ထွက်လာ
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ ရာသီကုန်ကတည်းက ဒီဂီယာရဲ့စွမ်းဆောင်ရည်အပေ
ယုံကြည်မှုကင်းမဲ့ခဲ့တာကြောင့် အိုနာနာကို ခေါ်ယူဖို့အတွက် အိုနာနာနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံပြီးတော့ အသင်းပြောင်းဖို့ စည်းရုံး သိမ်းသွင်းခဲ့တာဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။
အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ ကင်မရွန်းဂိုးသမား အိုနာနာဟာ ပြီးခဲ့တဲ့တစ်ပတ်က အင်တာမီလန်ကနေ ယူနိုက်တက်အသင်းကို ပေါင်(၄၇)သန်းနဲ့ တရားဝင်ရောက်ရှိခဲ့ပြီး အဲဒီအပြောင်းအရွှေ့မှာ အဓိကလှုပ်ရှားခဲ့တာက အဲရစ် တန်ဟက်ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အိုနာနာကို ခေါ်ယူဖို့ အဲရစ်တန်ဟက် အသည်းအသန်ကြိုးစားရတဲ့အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ရာသီ FA ဖလား ဗိုလ်လုပွဲတုန်းက ဂွန်ဒိုဂန်ရဲ့ သွင်းဂိုး (၂)ဂိုးကို ဒီဂီယာ မတားဆီးနိုင်တာကြောင့်ဖြစ်ပြီး ဒီဂီယာအပေါ် အဲရစ်တန်ဟက် တော်တော်လေးစိတ်ပျက်သွားခဲ့တယ်လို့ The Athletic သတင်းဌာနက ဖော်ထုတ် ခဲ့ပါတယ်။
အဲရစ်တန်ဟက်နဲ့အိုနာနာတို့ဟာ အေဂျက်စ်အသင်းမှာ ၂၀၁၇ ကနေ ၂၀၂၂ ခုနှစ်အထိ လက်တွဲခဲ့ဖူးတဲ့အတွက် တစ်ယောက် အကြောင်း တစ်ယောက် ကောင်းကောင်းသိထားပြီး အဲရစ်တန်ဟက်ဟာ အိုနာနာကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ရာသီ အစောပိုင်းကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အိုနာနာဟာ ယူနိုက်တက်ကို ပြောင်းရွှေ့မယ်ဆိုရင် ဒီဂီယာရဲ့နေရာကို အစားဝင်ဖို့ထက် ဒီဂီယာရဲ့နောက် ဒုတိယ ဦးစားပေးအဖြစ်သာ ကစားခွင့်ရဖို့များတာကြောင့် စစချင်းမှာ ယူနိုက်တက်ကို ပြောင်းဖို့ သိပ်ပြီးတော့ ဆန္ဒမရှိခဲ့ပါဘူး။
ရာသီကုန်ခါနီး နောက်ဆုံး ရက်သတ္တပတ်တွေအတွင်းမှာတော့ အခြေအနေတွေပြောင်းလဲသွားခဲ့ပြီး ဆီဗီလာကို (၃-ဝ)ဂိုးပြတ် ရှုံးခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ဒီဂီယာရဲ့အမှား(၂)ခုကြောင့် ယူနိုက်တက်တို့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရသလို ဝက်စ်ဟမ်းကို (၁-ဝ)ဂိုးနဲ့ရှုံးတဲ့ပွဲမှာလည်း ဒီဂီယာရဲ့အားနည်းချက်ကြောင့် ဂိုးပေးခဲ့ရပါတယ်။
အဲဒီ(၂)ပွဲက စိတ်ပျက်စရာအမှားတွေကြောင့် ဒီဂီယာရဲ့ စွမ်းဆောင်ရည်အပေါ် အဲရစ်တန်ဟက် စတင်သံသယဝင်ခဲ့ပြီး FA ဖလားဗိုလ်လုပွဲအပြီးမှာတော့ ဒီဂီယာကို လုံးဝစိတ်ကုန် သွားတာဖြစ်ပါတယ်။
အဲရစ်တန်ဟက်ရဲ့ အကြံပေးချက်အရ ယူနိုက်တက်အသင်းဟာ ဒီဂီယာကို လစာငွေမတန်တဆ လျှော့ချပြီးတော့ (၁)နှစ်လောက်သာ စာချုပ်သက်တမ်းတိုးဖို့နဲ့ ဒီဂီယာကို နံပါတ်(၂)ဂိုးသမားအဖြစ်သာ အသုံးပြုသွားဖို့ ကမ်းလှမ်းခဲ့ပြီး သဘောမတူရင် အသင်းနဲ့လမ်းခွဲရမယ်လို့ အသိပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စာချုပ်သစ်ကိစ္စအတွက် သဘောတူညီချက်မရတာကြောင့် ဒီဂီယာဟာ (၁၂)နှစ်ကြာ ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ တရားဝင်လမ်းခွဲခဲ့ပြီး ယူနိုက်တက် အသင်းဟာ ရက်ပိုင်းအတွင်းမှာပဲ အိုနာနာကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။