မန်ယူ ချောင်ထိုးထားတဲ့ ကစားသမား ၂ဦးကို တပြိုင်နက်တည်း ခေါ်ဖို့ ဝက်စ်ဟမ်းအသင်း ဆွေးနွေးနေ

လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းဟာ မန်ချက်စတာ ယူနိုက်တက်မှာ ချောင်ထိုးခံထားရလို့ နေရာပျောက်ဆုံးနေတဲ့ ကစားသမား နှစ်ဦးကို တပြိုင်နက်တည်း ခေါ်ယူရန် ဆွေးနွေးနေပါတယ်။

ဝက်စ်ဟမ်း ခေါ်ယူချင်နေတာကတော့ ဟယ်ရီမက်ဂွိုင်းယားနှင့် စကော့မက်တိုမီနေးတို့ ဖြစ်ပါတယ်။ မန်ယူနိုက်တက် နည်းပြအဲရစ်တန်ဟက်ဟာ ယခုနွေရာသီတွင် မေဆင်မောင့်နှင့် အင်ဒရေအိုနာနာတို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။

၎င်းတို့ဟာ ဒီဂီယာကို ထွက်ခွာခွင့်ပေးခဲ့သလို အန်တိုနီအီလန်ဂါ၊ အဲလက်စ်တဲလ်လက်စ်၊ ဇီဒန်အစ်ဘောတို့ကိုလည်း ရောင်းချထားပါတယ်။

အသက် ၃၀ နှစ်ရှိ ဟယ်ရီမက်ဂွိုင်းယားဟာ ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရပြီးနောက် ယခုနွေရာသီတွင် ထွက်ခွာရန် သေချာသလောက် ရှိနေသူ ဖြစ်ပါတယ်။ သူ့ကို စပါးစ်နှင့် ဗီလာတို့ကလည်း စိတ်ဝင်စားနေပါတယ်။

အသက် ၂၆ နှစ်ရှိ စကော့မက်တိုမီနေးမှာလည်း ယူနိုက်တက်မှ ထွက်ခွာလာမယ်လို့ ယူဆထားရပြီး နယူးကာဆယ်ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့ ယခုအခါ ဝက်စ်ဟမ်းက လက်ဦးမှု ရယူကာ ဟယ်ရီမက်ဂွိုင်းယားအပြင် စကော့မက်တိုမီနေးကိုလည်း ခေါ်ယူရန် ယူနိုက်တက်နှင့် ဆွေးနွေးလာပြီ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ အာဆင်နယ်သို့ ရောင်းချလိုက်တဲ့ ဒက်လန်းရိုက်စ်နေရာတွင် တိုက်ရိုက်အစားထိုးရန် စကော့မက်တိုမီနေးကို ခေါ်ယူလိုနေတာလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ၅၅ ဂိုးအထိ ပေးခဲ့ရပြီးနောက် ခံစစ်ကို အပြောင်းအလဲ ပြုလုပ်နေပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ဟာ ဟယ်ရီမက်ဂွိုင်းယား၊ စကော့မက်တိုမီနေးတို့ နှစ်ဦးတို့အား တန်ကြေးမြင့်မြင့်သတ်မှတ်ထားရာ ဝက်စ်ဟမ်းရဲ့ ကြိုးပမ်းမှုမှာ အောင်မြင်လာမလား စောင့်ကြည့်ရပါမယ်။