ဘောလုံး ရာသီ မစခင် ပရီးမီးယားလိဂ် ဖလား အကြောင်း မမေးနဲ့ဦး လို့ တားလိုက်တဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ ဘောလုံး ရာသီသစ်မတိုင်ခင်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအကြောင်း မပြောကောင်းဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရာသီသစ် မတိုင်ခင်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအကြောင်း ပြောသင့်တဲ့အသင်းက မန်စီးတီးတစ်သင်းတည်းသာရှိပြီး ကျန်တဲ့အသင်းတွေကတော့ အမှတ်ပေး ဇယား ထိပ်ပိုင်းမှာ ရပ်တည်နိုင်အောင်ပဲ အရင်ဆုံး လုပ်ရမှာဖြစ်တယ်လို့ နယ်သာလန်သား နည်းပြက ဆိုခဲ့တာဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ ၅ ကြိမ်အထိ ရယူခဲ့ တဲ့ အသင်းပါ။ မန်ယူအသင်းဆိုရင် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့ပေမဲ့လည်း မြို့ခံပြိုင်ဘက် မန်စီးတီးထက် ၁၄ မှတ်အကွာမှာ ရှိနေ ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ နွေဈေးကွက်ထဲမှာ ပေါင် သန်း ၁၈၀ အထိ သုံးထားပြီး ကစားသမားအင်အား ဖြည့်တင်းမှုတွေ လုပ်ထားတဲ့ မန်ယူအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မှာလားဆိုတဲ့ မေးခွန်းကို တန်ဟတ်က မဖြေလိုဘဲ ရှောင်လွှဲခဲ့ပါတယ်။

” ရာသီကြိုကာလမျိုးမှာ ဒီအကြောင်း ကျွန်တော်တို့ မပြောသင့်ဘူးလို့ ထင်ပါတယ်။ ပရီးမီးယားလိဂ်မှာ အဲဒါကို ပြောနိုင် စွမ်းရှိတဲ့အသင်းမရှိပါဘူး။ မန်စီးတီးတော့ ဖြစ်ကောင်း ဖြစ်မှာပေါ့။ သူတို့ကတော့ ပြောခွင့်ရှိတယ်။

ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၆ နှစ်တာ ကာလမှာ သူတို့က ၅ ကြိမ်တောင် ဗိုလ်စွဲတာ။ ဒီလိုဆိုတော့ သူတို့ကတော့ ပြောခွင့်ရှိတယ်။ ဒါပေမဲ့ တခြား ကျန်တဲ့အသင်းတွေ အကုန်လုံးကတော့ အဆင့် ၄ အတွင်းဝင်အောင် အရင်ဆုံး လုပ်ရမယ်။

အရင်ဆုံး အဆင့် ၄ နေရာ သေချာ သွားပြီဆိုရင်တော့ အဆင့် ၂ နေရာကို ရောက်အောင်လုပ်ပေါ့။ အဲဒီနေရာကို ရောက်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်လည်း မြင်ချင်လည်း မြင်ပေါ့ဗျာ။ ဒါပေမဲ့ ချန်ပီယံဆုအကြောင်းတော့ မပြောနဲ့ပေါ့ ” လို့ ပြောသွားခဲ့တာ jဖစ်ပါတယ်။