တိုက်စစ်မှုးသစ် ဟွိုင်လန်းကို စိတ်ကြိုက် ကျောနံပါတ် ပေးဖို့ မန်ယူ အသင်းသား တစ်ဦး အရင် ရောင်းရဖွယ် ရှိနေ

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ မကြာခင် တိုက်စစ်မှူးသစ်ဖြစ်လာမယ့် ဟွိုင်လန်းအတွက် သူ့စိတ်ကြိုက် နံပါတ်ပေးဖို့ ကစားသမားတစ်ဦးကို မဖြစ်မနေ ရောင်းချသွားရမှာဖြစ်ပါတယ်။

အသက်(၂၀)နှစ်သာရှိသေးသူ ဒိန်းမတ်လူငယ်ကြယ်ပွင့် ဟွိုင်လန်းကို ပေါင်(၇၂)သန်းနဲ့ခေါ်ယူဖို့ ယူနိုက်တက်တို့ အတ္တလန်တာအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီး ဟွိုင်လန်းဟာ အင်္ဂါမနက်ပိုင်းက ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ နောက်ဆုံးအဆင့်ဆေးစစ်မှုခံယူပြီးတဲ့နောက် အသင်းနဲ့တရားဝင်စာချုပ်,ချုပ်ဆိုတော့မှာပါ။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ (၅၈)ဂိုးသာ သွင်းနိုင်ခဲ့တာကြောင့် အဲရစ်တန်ဟက်က တိုက်စစ်ပိုင်းအားဖြည့်ဖို့အတွက် ဟွိုင်လန်းကို ခေါ်ယူခဲ့တာဖြစ်ပြီး ဟွိုင်လန်းအနေနဲ့ အဲရစ်တန်ဟက် မျှော်လင့်သလို ဂိုးတွေ သွင်းယူနိုင်ဖို့ လိုအပ်နေပါပြီ။

ဟွိုင်လန်းဟာ မကြာခင်အချိန်အတွင်း ယူနိုက်တက်နဲ့စာချုပ်,ချုပ်ဆိုတော့မှာဖြစ်ပြီး အသင်းသစ်မှာ နံပါတ် ဘယ်လောက် ဝတ်ဆင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

တိုက်စစ်မှူးဖြစ်တဲ့ ဟာလန်းအတွက် အသင့်တော်ဆုံးနံပါတ်က ကျောနံပါတ်(၉)ဖြစ်ပေမယ့် အခုလောလောဆယ် အဲဒီနံပါတ်ကို မာစီယဲလ်က ဝတ်ဆင်နေပါတယ်။

ကျောနံပါတ်(၁၀)ကိုတော့ ရပ်ရှ်ဖို့ဒ်က ဝတ်ဆင်နေပြီး ရပ်ရှ်ဖို့ဒ်ဟာ မကြာသေးခင်ကမှ ယူနိုက်တက်နဲ့ နှစ်ရှည်စာချုပ် သက်တမ်းတိုးခဲ့ပါတယ်။

ဒါ့အပြင် ဂန္ထဝင်ကျောနံပါတ်(၇)ကိုလည်း ကစားသမားသစ် မေဆင်မောင့်ကို ပေးအပ်ခဲ့တာကြောင့် ယူနိုက်တက် အသင်းမှာ ဟွိုင်လန်းအတွက် အဓိက နံပါတ်တွေ မရှိသလောက်ဖြစ်နေပါပြီ။

ဒါပေမဲ့ ဗြိတိန်နာမည်ကျော်သတင်းစာ Mirror က ဟွိုင်လန်း အကြိုက်ဆုံး ကျောနံပါတ်က နံပါတ်(၁၇)ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဟွိုင်လန်းဟာ ပြီးခဲ့တဲ့ရာသီက အတ္တလန်တာအသင်းမှာ နံပါတ်(၁၇) ဝတ်ဆင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံမှာ (၁၀)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အခုလောလောဆယ် ယူနိုက်တက်အသင်းမှာ နံပါတ်(၁၇)ကို ကွင်းလယ်လူ ဖရက်ဒ် ဝတ်ဆင်နေပေမယ့် အခုနွေရာသီကာလအတွင်း အသင်းကနေ ထွက်ခွာဖို့နီးစပ်နေပြီဖြစ်ပါတယ်။

ဖရက်ဒ်ကို ခေါ်ယူဖို့ တူရကီထိပ်သီး ဂါလာတာစာရေးအသင်းက ချိတ်ဆက်နေပြီး အဲရစ်တန်ဟက်အနေနဲ့ အပြောင်းအရွှေ့ အသုံးစရိတ်ရရှိအောင်သာမက ဟွိုင်လန်း လိုချင်တဲ့ ကျောနံပါတ်ရအောင် ဖရက်ဒ်ကို ရောင်းချသွားဖို့ရှိနေပါတယ်။