ဂိုးပေါက်မှာ အမှားလုပ်ခဲ့တဲ့ အပေါ် တာဝန်ယူမှု ရှိရှိ ဝန်ခံစကား ပြောလာတဲ့ မန်ယူ ဂိုးသမား အိုနာနာ

လန်းစ်နဲ့ပွဲမှာ မန်ယူအသင်း ဂိုးပေးလိုက်ရတဲ့အခါ တာဝန်အရှိဆုံး လူသားဟာ သူ ကိုယ်တိုင်ပဲဖြစ်တယ်လို့ ဂိုးသမားသစ် အန်ဒရီအိုနာနာက ပြောပါတယ်။

ပရိသတ်တွေ အားပေးကြမ်းတဲ့ မန်ယူလို အသင်းမျိုးရဲ့ ဂိုးသမားနေရာကို တာ ဝန်ယူနေရတာဖြစ်လို့ ဖိအားတွေကို လည်း နားလည်လက်ခံမှာဖြစ်ပြီး တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိမှာဖြစ်တယ်လို့လည်း အိုနာနာက ဆိုပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ လန်းစ်အသင်းနဲ့ပွဲမှာ အိုနာနာဟာ ဂိုးဧရိယာရှေ့ ကို နယ်ကျွံပြီး လိုက်ကစားတဲ့ပုံစံမျိုး ရှိခဲ့တာကြောင့် ပွဲချိန် ၃၅ မိနစ်အရောက် မှာတော့ ကွင်းလယ် စက်ဝိုင်းကနေပြီး ဂိုးသွင်းတာကို ခံလိုက်ရပါတယ်။

အဲဒီနောက်မှာတော့ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်၊ ကက်စ်မီရို၊ အန်တိုနီတို့ရဲ့ သွင်းဂိုးတွေကြောင့် ပွဲအပြီးမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

အသင်း အတွက် ပေးလိုက်ရတဲ့ဂိုးဟာ သူ့ရဲ့ နိုင်ပွဲဆာလောင်မှုနဲ့ အသင်းကို ကူညီ ပေးချင်စိတ်ကြောင့် ရှေ့တက် လိုက်ပါ လွန်းလို့ ဖြစ်ရတာဖြစ်ပြီး ဒီအတွက် တာဝန်ယူရမှာ သူ့ကိစ္စဖြစ်တယ်လို့ အိုနာနာက ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

” နိုင်ပွဲရလို့ ကျွန်တော်ပျော်တယ်။ ဟုတ်တယ်။ ကျွန်တော်တို့ အမြဲတမ်း ပို ကောင်းလာနိုင်ပါတယ်။ တချို့ ကိစ္စတွေ ကတော့ ကျွန်တော်တို့ အဖြေရှာဖို့ ကြိုးစားရမယ်။ ကျွန်တော် အမြဲ ပြောသလိုပေါ့ဗျာ။

အရာအားလုံးအတွက် ကျွန်တော်က တာဝန်ရှိတာပေါ့။ အထူးသဖြင့် ဂိုးတွေ ပေးရတဲ့ အခါမှာပေါ့။ ကျွန်တော်က နောက်ဆုံးမှာ နေရတဲ့သူလေ။

ဒါကြောင့် ဝေဖန်မှုတွေကို လည်း ခံယူပါတယ်။ ကျွန်တော်အပေါ်မှာ ရှိနေတဲ့ ဖိအားတွေ အကုန်လုံးကိုလည်း ခံယူပါတယ်။ ဒီပွဲက ကျွန်တော့်အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး အသင်းဖော်တွေအတွက်လည်း ပွဲကောင်းပါပဲ။

အရေးပါတဲ့ ဂိုးတွေ ရခဲ့တယ်။ နောက်ပြီး ကျွန်တော်လည်း အရာအားလုံးအတွက် ကျေနပ်ရပါတယ်။ ” လို့ အိုနာနာက လန်းစ်နဲ့ ပွဲအပြီးမှာ ပြောသွားခဲ့တာပါ။

နောက်ပြီး လာမယ့် သီတင်းပတ်မှာ ကစားမယ့် ဝုဗ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက်လည်း အရမ်းကို စိတ် လှုပ်ရှားနေပြီဖြစ်တယ်လို့ အင်တာမီလန်ဂိုးသမားဟောင်းက ပြောပါတယ်။

” ဒီနှစ်က ပိုပြီး မိုက်လာတော့မယ်လို့ ထင်တယ်။ လာမယ့်ပွဲစဉ် တွေအတွက်လည်း ကျွန်တော် စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဝုဗ်နဲ့ပွဲအတွက်ဆိုရင် ကျွန်တော် စိတ်လှုပ်ရှားနေပြီ။

ဒါပေမဲ့ အရေးအကြီးဆုံးကတော့ နိုင်ပွဲရဖို့ပါ။ ကျွန်တော့်ကို ကြိုဆိုတဲ့အသံတွေကတော့ တကယ့်ကို ညံနေတာပါပဲ။ ဒီနိုင်ပွဲအတွက် ကျွန်တော် ကျေနပ်တယ်။ ဒီနေ့ပွဲက အရေးပါတယ်။ အခု လာမယ့် ပွဲတွေအတွက် ကျွန်တော်တို့ အသင့်ပြင်ရတော့မယ်။ ” လို့ အိုနာနာက ပြောခဲ့တာ ဖြစ်ပါတယ်။