မန်ယူ ကစားသမားသစ် နှစ်ဦး ဖြစ်တဲ့ အိုနာနာနဲ့ ဟွိုက်လန်း အတွက် စိုးရိမ်နေတဲ့ နဗီးလ်
ဒီနွေမှာ အင်တာမီလန်နှင့် အတ္တလန္တာတို့မှ ပြောင်းရွှေ့ ရောက်ရှိလာတဲ့ ဂိုးသမားအိုနာနာနဲ့ တိုက်စစ်မှူး ဟွိုက်လန်းတို့ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နွေရာသီ ကြီးမားတဲ့ခေါ်ယူမှုတွေဖြစ်ပါတယ်။
ဒီ ကစားသမား နှစ်ဦးလုံးဟာ အရင်က ပရီးမီးယားလိဂ်မှာ မကစားဖူးတာကြောင့် သူတို့ ရဲ့ မြန်မြန်သားကျမှုအပေါ် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းကြီး နဗီးလ်က စိုးရိမ်နေပါတယ်။
“ယူနိုက်တက်ရဲ့ ရာသီသစ် အတွက် နည်းနည်း စိတ်ရှုပ်ရတဲ့ အကြောင်းရင်းက ကွင်းရဲ့အဆုံးနှစ်ဖက်မှာရှိတဲ့ ပရီးမီးယားလိဂ် မှာ အတွေ့အကြုံမရှိတဲ့ ကစားသမား ၂ဦးက ပြီးခဲ့တဲ့ရာသီက အသင်းအတွက် အမှန်တကယ် လိုအပ်ခဲ့တဲ့ နေရာတွေ ဖြစ်နေတာကြောင့်ပါ”

“ပရီးမီးယားလိဂ်မှာ အခက်ခဲဆုံး နေရာက ယူနိုက်တက်အသင်းရဲ့ ဂိုးသမား နေရာပဲဖြစ်တယ်လို့ အရင်က ကျွန်တော်ပြောဖူးပါတယ်”
“မင်းကသာ ယူနိုက်တက်ဂိုးသမားဆိုရင် တခြားကစားသမားတွေထက်ပိုပြီး သေချာစောင့်ကြည့်ခြင်းကိုခံရမှာဖြစ်ပါတယ်။ လူတွေက သူ့ကို စောင့်ကြည့်ဝေဖန်နေကြမှာဖြစ်လို့ သူ့အတွက် အကောင်းဆုံး ဆုမွန်ကောင်းတောင်းပေးပါတယ်”
“မီဒီယာတိုင်း၊ ဝေဖန်သူတိုင်း၊ တခြားကလပ်တွေက ပရိသတ်တိုင်းက စောင့်ကြည့်နေကြတာကြောင့် သူ အမှား တစ်ခါလုပ်မိရင် ဘာဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်”
“နောက်ထပ်ကောင်လေးတစ်ဦးဖြစ်တဲ့ ယူနိုက်တက်အတွက် အထောင်တိုက်စစ်မှူး ဟွိုက်လန်းပါ။ သူတို့နှစ်ယောက်ဟာ စောင့်ကြည့်ခြင်းခံနေရမယ့်သူတွေဖြစ်ပြီး အသားကျအောင် ကောင်းကောင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်” လို့ နဗီးလ်က Sky Bet’s The Overlap တွင် ပြောခဲ့ပါတယ်။
အိုနာနာဟာ တနင်္လာနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဝုဗ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် ပွဲဦးထွက် ကစားဖို့ရှိနေပြီး ဟွိုက်လန်းကတော့ ဒဏ်ရာကနေ ပြန်လည် သက်သာနေတုန်းဖြစ်ပါတယ်။
တနင်္လာနေ့က ကလပ်ရဲ့ ထုတ်ပြန်ချက်မှာ “အသင်းဟောင်းနဲ့ ရာသီကြိုမှာ ဒဏ်ရာရရှိခဲ့တာကြောင့် သူ့ရဲ့ ကစားမှုကိုတွေ့ရဖို့အတွက် ကျွန်တော်တို့က အနည်းငယ်လောက်တော့ စောင့်ရအုံးမှာဖြစ်ပါတယ်။ ဟွိုက်လန်းရဲ့ ဒဏ်ရာအခြေနေက တိုးတက်နေတာဖြစ်ပြီး သူကလည်း ဖြစ်နိုင်သမျှအမြန်ဆုံးကစားချင်နေတယ်ဆိုတာ ကျွန်တော်တို့လည်း သိပါတယ်” လို့ ပါရှိပါတယ်။