ငယ်တည်းက မန်ယူမှာ ကစားချင်ကြောင်း စာရေးခဲ့ပြီး အိပ်မက်တွေ တကယ် ဖြစ်လာခဲ့တဲ့ ဟွိုက်လန်း
ဒီနွေမှာ ယူနိုက်တက်သို့ အပြီးသတ်ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ဟွိုက်လန်းက ၎င်းရဲ့ ငယ်ဘဝအိပ်မက်အသင်းမှာ မန်ချက်စတာယူနိုက်တက်ဖြစ်ပြီး ၁၀ နှစ်သားကတည်းက ယူနိုက်တက်မှာ ကစားချင်ကြောင်း မှတ်စုစာအုပ်မှာ ရေးသားခဲ့ဖူးပါတယ်။
ယခုအခါ ဟွိုက်လန်းရဲ့ငယ်ဘဝအိပ်မက်တွေက အမှန်တကယ်ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့အပတ်မှာပဲ အတ္တလန္တာမှ ပေါင် ၇၂ သန်းနဲ့ရောက်ရှိလာခဲ့ကာ ယူနိုက်တက်နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီး စာချုပ်ထဲမှာ နောက်ထပ်အပိုရွေးချယ်ခွင့် ၁၂ လပါဝင်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူနိုက်တက်ဟာ လန်းစ်အသင်းနဲ့ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မတိုင်ခင်မှာ အသက်-၂၀ အရွယ် တိုက်စစ်မှူးသစ်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ ဖော်ထုတ်ပြသခဲ့ပြီး ကစားသမားက
“ကျွန်တော်က မန်ချက်စတာယူနိုက်တက် ပရိသတ်တစ်ယောက်ဖြစ်တယ်ဆိုတာ လျှို့ဝှက်ထားတဲ့သူမဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက ယူနိုက်တက်ကို အားပေးလာခဲ့ပြီး ဒီအိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ ယူနိုက်တက်ကစားသမားတွေနဲ့ အတူတူကစားနိုင်ဖို့ အိပ်မက်မက်ခဲ့တာပါ။
အခုလိုမျိုး အိပ်မက်ကနေ တကယ်ဖြစ်လာအောင် အခွင့်အရေးမျိုးပေးခဲ့တဲ့အတွက်လည်း အလွန်ပဲစိတ်လှုပ်ရှားပြီး ဝမ်းသာမိပါတယ်။ ကျွန်တော့်အပေါ်ပြသထားတဲ့ ကလပ်ရဲ့ ယုံကြည်မှုအတွက် သစ္စာရှိရှိပြန်ပေးဆပ်သွားမှာပါ။
ကျွန်တော့် ကစားသမားဘဝက စောသေးတယ်ဆိုတာသိပေမယ့် နောက်တစ်ဆင့်ကိုလှမ်းပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ အတူတူကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒိန်းမတ်ရုပ်သံလိုင်းရဲ့ဖော်ပြချက်အရ ဟွိုက်လန်းဟာ အသက် ၁၀ နှစ်အရွယ်မှာ ၎င်းရဲ့အနာဂတ်အိပ်မက်နဲ့ ပတ်သက်ပြီး ဒိန်းမတ်လက်ရွေးစင်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားဖို့ရည်မှန်းထားကြောင်းကို မှတ်စုစာအုပ်ထဲမှာရေးသားခဲ့ဖူးတယ်လို့ဆိုပါတယ်။
ယခုအခါဟွိုက်လန်းဟာ မန်ချက်စတာကို ရောက်ရှိနေပြီဖြစ်သော်လည်း ၎င်းရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမဆုံး ပွဲဦးထွက်ကို ပါဝင်ကစားနိုင်ဖို့ အချိန်တစ်ခုစောင့်ရဦးမှာဖြစ်ပြီး ကစားသမားဟာ နောက်ကျောဒဏ်ရာပြဿနာကြောင့် ပရီးမီးယားလိဂ်အစပွဲစဉ်နှစ်ပွဲကို လွဲချော်သွားမယ်လို့သိရှိရပါတယ်။